ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ပေါက်ကွဲမှုတစ်ခု ယနေ့ (နိုင်ဝင်ဘာ ၆ ရက်) မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများမရှိကြောင်း ကနဦးသတင်းစုံစမ်းမှုအရ သိရသည်။
အဆိုပါပေါက်ကွဲမှုသည် ဗုံးပေါက်ကွဲခြင်းမဟုတ်ဘဲ အသံမိုင်းသာဖြစ်ကြောင်းနှင့် လက်ရှိသတင်းများထွက်ပေါ်နေသော ကြိုတင်မဲပေးသည့် အခန်းတွင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ပဲခူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောသည်။
“အခြေအနေကတော့ ဘာမှမဟုတ်ဘူး အသံမိုင်းသဘောပဲ။ ဗုံးမဟုတ်ဘူး။ ဗုံးဆိုရင် တအားကိုကြီးကျယ်သွားပြီ။ ဗုံးဆိုရင် ဘေးကလူတွေကိုမှန်မယ်။ ဘေးကကြမ်းပြင်တွေကွဲမယ် နံံရံတွေကွဲမယ်။ အခုကတော့ ဗုံးမဟုတ်ဘူး အသံမိုင်း။ အသံပါတယ်။တုန်ခါမှုပါတယ် မှန်ကွဲတယ်။ ဒါပဲ ကျန်တာတော့ ဘာမှမဖြစ်ဘူးဗျ။ အဆောက်အဦကို မထိဘူး။ အဆောက်အဦဘေးမှာ လာချသွားတဲ့ သဘောမျိုးတွေ့ရတယ်။” ဟု ၎င်းက ပြောသည်။
ယင်းပေါက်ကွဲမှုတွင်ဖြစ်ပေါ်ခဲ့သည့် တုန်ခါမှုသည် ပြင်းထန်ကြောင်းတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ရုံးအနီးတွင် နေထိုင်ကြသူများက အတည်ပြုပြောကြားကြသည်။
ယင်းပေါက်ကွဲမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီမှ ပဲခူးမြို့တွင် ရွေးကောက်ပွဲဝင်မည့် ဦးဗညားဉာဏ်ထွန်းက “ ရွေးကောက်ပွဲနီးနေတော့မှ ကော်မရှင်ရုံးမှာ အခုလိုမျိုး ပေါက်ကွဲမှုဖြစ်တယ်ဆိုတာက ဘယ်လိုမှ ရိုးရိုးသားသား မဖြစ်နိုင်ဘူးလေ။ စဉ်းစားစရာ၊ စိတ်ပူစရာတွေ ရှိလာတာပေါ့ ” ဟု ပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ ယခုအခါ သက်ဆိုင်ရာ တာဝန်ရှိသူများက တရာခံဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။