“အခြေခံဥပဒေကို စုပေါင်းပြီးပြင်ဆင်ဖို့လိုတယ်။ ပြင်ဆင်လို့မရရင် အသစ်ရေးဆွဲဖို့လိုတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိဖို့လိုတယ်”

“အခြေခံဥပဒေကို စုပေါင်းပြီးပြင်ဆင်ဖို့လိုတယ်။ ပြင်ဆင်လို့မရရင် အသစ်ရေးဆွဲဖို့လိုတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိဖို့လိုတယ်”

KSPP ဒုတိယဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းနှင့်အင်တာဗျူး

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပါက အခြားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများနှင့်ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောထားရှိသည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။ ထို့ပြင်ရွေးကောက်ပွဲတွင်အောင်နိုင်ပြီး လွှတ်တော်ထဲရောက်သွားမည်ဆိုပါက KSPP အနေဖြင့် ငြိမ်းချမ်းရေး၊ မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်တန့်ရေး၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရရှိအောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။ ထို့ကြောင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP အနေဖြင့် လွှတ်တော်ထဲ အမှန်တကယ်ရောက်ရှိသွားမည်ဆိုပါက ၎င်းတို့ ပြောဆိုထားသည့် အချက်များကို ရရှိအောင် မည်သို့လုပ်ဆောင်သွားမလဲ၊ မည်သည့်မူဝါဒများ စသည့်တို့နှင့်ပတ်သက်၍ KSPP ဒုတိယဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းအား ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ဆရာတို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကိုရောက်သွားခဲ့ရင် ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ပါတီရဲ့ကတိကဝတ် မူဝါဒလည်းရှိတယ်ဆိုတာ သိရတယ်။ ဆိုတော့ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလမ်းကြောင်းကနေ လုပ်ဆောင်သွားဖို့ရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - ငြိမ်းချမ်းရေးက ကျွန်တော်တို့မလုပ်ဘူးဆိုရင် မရနိုင်တော့ပါဘူး။ အဓိက ကတော့ ၂၀၁၀ မှာ ကြံ့ခိုင်ဖွံ့ဖြိုး ရေးကလည်းပဲ အစိုးရလုပ်ပြီးပြီ။ ဘာမှငြိမ်းချမ်းရေးလည်းမရဘူး။ ပိုမိုဆိုးရွားလာတဲ့ အခြေအနေမျိုးပဲဖြစ်တယ်။ နောက်တစ်ချက်ကတော့ ၂၀၁၅ ကနေ ၂၀၂၀ အထိ NLD အစိုးရ ဖြစ်လာတယ်။ ငြိမ်းချမ်းရေး ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့်လဲ ကျွန်တော်တို့က ကျနော်တို့ ကိုယ်တိုင် ခံစားနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရွေးကောက်ပွဲအနိုင်ရရှိခဲ့ရင် ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက်လုပ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်းဆောင်ရွက်မယ်။ ဒါပြီးမှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်းဆောင်ရွက်ပြီးမှ အကုန်လုံး ပါတီတွေနဲ့ တူတူညီညီနဲ့ ဒီငြိမ်းချမ်းရေးကိုလုပ်ဖို့ ဆန္ဒရှိလို့ လွှတ်တော်လမ်းကြောင်းထဲကနေ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးဆို ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့်မို့ လွှတ်တော်လမ်းကြောင်းကနေ ငြိမ်းချမ်းရေးကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ့်မိခင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံးညှိနှိုင်းပြီးတော့မှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့ လုပ်ဆောင်သွားမှာပေါ့။ နောက်တစ်ချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး -  နောက်တစ်ခုက ဆရာတို့ ရွေးကောက်ပွဲကတိကဝတ်ထဲမှာ IDP တွေ နေရပ်ပြန်နိုင်ရေးအတွက်လည်း ထည့်သွင်းထားတာတွေ့ရတယ်။ IDP တွေ နေရပ်ပြန်နိုင်အောင် ဆရာတို့အနေနဲ့ ဘယ်လိုမျိုးလုပ်ဆောင်သွားမှာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - အဓိကကတော့ သက်ဆိုင်ရာ IDP သူတို့နဲ့ ဆွေးနွေးမယ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်။ ဒေသခံလူတွေနဲ့ ဆွေးနွေးပြီးမှ ဒီဟာကို ဘယ်လိုမျိုး လုပ်ဆောင်ဖို့လိုတယ်။ လုပ်ဆောင်သင့်တယ်။ အတူတကွ ဆွေးနွေးပြီးမှ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ဘူးဆို ဒီဟာကို ညွှန်ကြားတဲ့ပုံစံနဲ့ လုပ်ဆောင်မယ်ဆိုရင် ဘာမှမဖြစ်လာပါဘူး။ ဖြစ်လည်း မဖြစ်လာပါဘူး။ အဓိကကတော့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးပြီးမှ သူတို့ရဲ့ အနာဂတ်လုံခြုံတဲ့ လူ့ဘောင်ဖြစ်ဖို့လိုပါတယ်။ မိခင်ဒေသကို ပြန်နိုင်ဖို့လည်းလိုပါတယ်။ ဒါကြောင့်လည်း အကုန်လုံးနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှ ဒီဟာကို လုပ်ဆောင်ဖို့လိုတယ်ဆိုတဲ့ဟာကိုလည်း ပြောလိုပါတယ်။

မေး - ပြီးတော့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်တန့်သွားအောင် ကြိုးစားသွားမယ်။ ဆက်လက်ကန့်ကွက်သွားမယ်လို့ ပြောထားတာလည်းရှိတယ်ဆိုတော့ ပါတီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွှတ်တော်ထဲကို ရောက်သွားခဲ့ရင် ဒီမြစ်ဆုံစီမံကိန်းကို ဘယ်လိုမျိုးပုံစံမျိုးနဲ့ ရပ်တန့်နိုင်အောင် လုပ်ဆောင်သွားမှာလဲ။ ကြိုးစားသွားမှာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - အဓိကကတော့ ဒီဟာ အဖြစ်မှန်ကိုဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ဒီဟာက ဘယ်လိုမျိုးဖြစ်တယ်။ ဘယ်လိုမျိုးလုပ်ခဲ့တယ်။ ဘယ်ဟာက ငွေရေးကြေးရေး ဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုပါတယ်။ ဒီနောက်ပိုင်းမှာ ဘယ်လိုမျိုးလုပ်မလဲ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဘယ်လိုမျိုးဆွေးနွေးကြမလဲ ဆိုတဲ့အချက်အပေါ်မှာမူတည်ပြီးမှ ကျွန်တော်တို့ လုပ်သွားမှာ အဓိက ကတော့ ဒီမြစ်ဆုံရေကာတာကို ထာဝရပိတ်ပင်ရေးဟာ အလွန်တရာမှ အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ တကယ့်ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမြစ်ဆုံရေကာတာက လုံးဝတည်ဆောက်လို့မရပါဘူး။ ကျွန်တော်တို့ပါတီထဲမှမဟုတ်ဘူး ပြည်သူလူထုတစ်ရပ်လုံးလည်း ဒီဟာကို မကြိုက်ပါဘူး။ ဒါကြောင့်လဲ တကယ်ပဲ ပိတ်ပင်သွားဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး - နောက်တစ်ခုက ကချင်ပြည်နယ်မှာ လုပ်ဆောင်မယ့်၊ လုပ်ဆောင်နေဆဲ အကြီးစားစီမံကိန်းတွေ၊ စက်မှုဇုန်တွေရှိတယ်ဆိုတော့ အဲဒီအကြီးစားစီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့မူဝါဒ သဘောထားက ဘယ်လိုရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - အဓိကက ကျွန်တော်တို့ မကြာခဏပဲ ဒီအကြီးစားစက်မှုဇုန်တွေကို မလုပ်ဖို့ ကျနော်တို့လည်း တင်ပြထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေးလည်းမရဘူး စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်လို့လည်း မရသေးဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်အခါအထဲမှာ ဒီဟာမီဂါပရောဂျက် စီးပွားရေးလုပ်ငန်းတွေမလုပ်ဖို့ ကျွန်တော်တို့က တင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကို ကျွန်တော်တို့အနေနဲ့ ယခုအချိန်မှာ ဘယ်လိုမှ လက်ခံနိုင်စရာလည်းအကြောင်း မရှိပါဘူး။

မေး - ဟုတ်ကဲ့။ အကြီးစားစီမံကိန်းတွေထဲမှာ ကချင်ပြည်နယ်ကို ဖြတ်သွားမယ့် ပိုးလမ်းမစီမံကိန်းလည်း ပါနေတယ်ဆိုတော့ လွှတ်တော်ထဲကို ရောက်သွားလို့ရှိရင် လက်ရှိ တရုတ်ကနေလုပ်ဆောင်နေတဲ့ ပိုးလမ်းမစီမံကိန်းအပေါ် ပါတီရဲ့သဘောထား မူဝါဒကရော ဘယ်လိုရှိနေသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - အခုအခြေအနေမှာ ကျွန်တော်တို့ ဒီဟာကို ခုနတုန်းက ကျွန်တော်တို့တင်ပြတဲ့အတိုင်းပဲ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ မဖြစ်သေးဘူး အဲဒီမဖြစ်သေးတဲ့အချိန်မှာ ဒီဟာတွေကို ဆွေးနွေးဖို့ တင်ပြဖို့ ဒီဟာလုပ်ဆောင်ဖို့ဟာ သဘောမတူနိုင်ပါဘူး။ အဓိကကတော့ ငြိမ်းချမ်းရေးရရှိဖို့လိုတယ်။ အဲဒီပိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ပြည်နယ်တွေ အခြေခံဥပဒေတွေ ရှိရမယ်။ ဒါပြီးမှ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ပြီးတဲ့နောက်ပိုင်းမှာ ပိုးလမ်းမကို ဘယ်လိုပြုလုပ်မလဲ။ လုပ်သင့်သလား၊ မလုပ်သင့်သလား။ ပြည်သူလူထုနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှပဲ ဒီဟာကို လုပ်ဆောင်သင့်/မလုပ်ဆောင်သင့်ဆိုတာ အဲဒီအချိန်မှာမှ ဆုံးဖြတ်လို့ရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ဒီဟာလုပ်မယ်ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့က သဘောမတူပါဘူး။

မေး - နောက်တစ်ချက်က ကချင်ပြည်နယ်မှာ ရွေ့ပြောင်းအလုပ်သမားတွေကလည်း အများကြီးရှိတယ်ဆိုတော့ အဲဒီအနေအထားမှာ ဌာနေတိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့်/ရပိုင်ခွင့်နဲ့ပတ်သက်ပြီး KSPP အနေနဲ့ ဘာတွေများ လုပ်ဆောင်ပေးသွားမှာလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - ပထမအချက်အနေနဲ့တော့ ဒီဟာ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ တင်ပြဖို့လိုပါတယ်။ အဲဒီနောက်ပိုင်းမှာ အခြေခံဥပဒေမှာ ထည့်သွင်းသွားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီအခြေခံဥပဒေမှာ ထည့်သွင်းထားခြင်းမရှိဘူးဆိုရင် ဒီဟာကို ဥပဒေအရ လုပ်ဆောင်ဖို့ခက်ပါတယ်။ ဒါကြောင့်လည်း အခြေခံဥပဒေမှာ တိတိကျကျပြဌာန်းပြီးမှ ဌာနေတိုင်းရင်းသားတွေအတွက် ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေဖြစ်ရမယ်။ စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး လယ်မြေ မြေယာ ပြဿနာ အကုန်လုံးပေါ့ ဒီမြေယာ သယံဇာတတွေဟာ ဥပဒေနဲ့ တိတိကျကျပြဌာန်းပြီးမှ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို တိတိကျကျသွားဖို့ဖြစ်ပါတယ်။

မေး - ဌာနေတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ထဲမှာ မြေယာနဲ့ပတ်သက်ပြီးတော့ ပြောသွားတယ်ဆိုတော့ လက်ရှိ ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျောပြဿနာကလည်း မြေယာပြဿနာဖြစ်တယ်ပေါ့။ တစ်ဖက်မှာလည်း ပြည်နယ်အစိုးရပြောတာက ဒီငှက်ပျောခြံတွေကနေ အခွန်တွေရတယ်လို့လည်းပြောတယ်။ ဆိုတော့ ဆရာတို့အနေနဲ့ လွှတ်တော်ထဲကိုရောက်သွားရင် ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမှာလဲ။ ဘယ်လိုမူဝါဒတွေရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - ဒီဟာက ကျနော်တို့ ပြန်ပြီးမှ သုံးသပ်ဖို့လိုတယ်။ ဒီမြေကို ဘယ်လိုမျိုးလုပ်သလဲ၊ ဘာတွေလုပ်သလဲ။ ဒါပြီးမှ ငှက်ပျောစိုက်ပျိုးတဲ့ ဒီမြေဟာ တကယ်တရားဝင်သလား၊ တရားမဝင်ဘူးလား။ ဒါတွေလည်း အကုန်လုံးပြန်သုံးသပ်ဖို့ လိုပါတယ်။ ဒီဟာစိုက်ပျိုးတဲ့စနစ်က ဒေသခံအတွက် အကျိုးရှိသလား။ မရှိဘူးလား နောက်ပြီးမှ ဆေးဝါးတွေနဲ့ပတ်သက်ပြီးမှ Effect ဖြစ်သလား၊ မဖြစ်ဘူးလား။ ဒါတွေအကုန်လုံး သုတေသနလုပ်ပြီးမှ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဒီဟာ လုပ်သင့်/မလုပ်သင့်ဆိုတဲ့ အချက်တွေက အစပေါ့ကွာ။ ဒီဟာတွေတော့ လွှတ်တော်ထဲမှာ ပြန်ပြီးမှ ဆွေးနွေးတိုင်ပင်ရမယ့် အချက်တွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအခြေအနေမှာ ဒေသခံအတွက် ဘာမှအကျိုးမရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါပြီးမှ အနာဂတ်အတွက်လည်း မြေအနေအထားဟာ အသုံးပြုလို့ရလား/မရဘူးလား ဆိုတဲ့ဟာလည်း ဒါလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့နိုင်ငံမှာတောင် မလုပ်ချင်တဲ့ ငှက်ပျောစိုက်ပျိုးရေးဟာ ဒီမှာလုပ်လာတဲ့အပိုင်းတွေကလည်း စဉ်းစားစရာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာတွေက ကျနော်တို့ နက်နက်နဲနဲစဉ်းစားပြီးမှ ဒီလွှတ်တော်ထဲမှာ ပြန်ဆွေးနွေးပြီးမှ သုတေသနလုပ်ရမယ့် အချက်ဖြစ်ပါတယ်။

မေး - အခြေခံလူတန်းစားတွေအတွက်ရော အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဖန်တီးပေးမှာလဲ။ ဘယ်လိုမျိုး လုပ်ဆောင်ပေးသွားဖို့ရှိသလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - ဒီဟာတွေကကျတော့ ဒေသနဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီဟာတွေတော့ ဖြစ်ပါလိမ့်မယ် စိုက်ပျိုးရေး မွေးမြူရေး တစ်ခြားကုန်သွယ်ရေး ဒါတွေကလည်း လုပ်ဖို့လိုတယ်။ ဒါပြီးမှ နယ်စပ်ကုန်သွယ်ရေးကလည်း တစ်နိုင်တစ်ပိုင်နဲ့ လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ဒီပြည်တွင်းမှာ ဒီမှာ ထုတ်ကုန်တွေ ပြည်တွင်းမှာ ထုတ်ပြီးမှ ပြန်ဖြန့်ချီနိုင်ဖို့ပေါ့နော်။ ဒါတွေကတော့ စီးပွားရေး အလတ်စား/အကြီးစားမဟုတ်သည့်တိုင်အောင် အလတ်စားစီးပွားရေးတွေဖြစ်ဖို့လည်း လိုပါတယ်။ ဒါက အသေးစားစီးပွားရေးကနေ လက်မှုလုပ်ငန်း ဒါတွေကလည်း ဖြစ်ဖို့လိုပါတယ်။ နောက်ပြီးမှပဲ တစ်ဖြည်းဖြည်းနဲ့တိုးတက်ဖို့ ဒါမှမဟုတ် အကြီးစားပဲလုပ်ပြီးမှ ကျနော်တို့က မလိုက်နိုင်တဲ့ဟာမျိုးတွေဆိုရင် ကျနော်တို့ ပြည်သူလူထုအတွက် အကာအကွယ်မရှိတဲ့ လုပ်ငန်းတွေပဲ ဖြစ်သွားမှာပါ ဒါကြောင့်လည်း အဓိက ဒီမှာ လေမြေတွေ မြေတွေရှိတယ်။ အဲဒီဟာကို အသုံးချသွားဖို့လိုတယ်။ နေက်တစ်ချက်ကတော့ သယံဇာတတွေကိုလည်း စနစ်တကျတူးဖော်ပြီးတော့မှ အရင်းအနှီး ကျန်းမာရေး ပညာရေးဖက်ကို ရင်းနှီးမြုပ်နှံပြီးတော့မှ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ စီးပွားရေးကိုလည်း တစ်နိုင်တစ်ပိုင် အားပေးဖို့လည်းလိုပါတယ်။

မေး - ဆရာအနေနဲ့ နောက်ဆုံး ဘာများဖြည့်စွတ်ပြောစရာများရှိသေးလဲ။

ဦးကွမ်ဂေါင်အောင်ခမ်း - ဒီ ၂၀၂၀ ရဲ့ အကူးအပြောင်းအပြောင်းအလဲဟာ မြန်မာပြည်ရဲ့ အနာဂတ်အကူးအပြောင်းလေးအတွက် သိပ်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကူးအပြောင်းမှာ ပြည်မပါတီတွေအနေနဲ့ ဘာမှလုပ်နိုင်တဲ့ စွမ်းရည်လည်းမရှိပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ ပါတီတွေ စုစည်းပြီးမှ ပြည်မပါတီတွေနဲ့အတူ လက်တွဲဆောင်ရွက်ပြီးမှ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့လိုတယ်။ ငြိမ်းချမ်းရေးကိုလည်း လုပ်ဖို့လိုတယ်။ အခြေခံဥပဒေကို စုပေါင်းပြီးပြင်ဆင်ဖို့လိုတယ်။ ပြင်ဆင်လို့မရရင် အသစ်ရေးဆွဲဖို့လိုတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိဖို့လိုတယ်။ ဒါတွေကိုလည်း တိတိကျကျနဲ့ မဲထည့်တဲ့နေရာမှာလည်း အနိုင်ရရှိအောင်လည်း ပြည်သူလူထုတွေကလည်း မဲပေးဖို့လိုတဲ့ဟာလည်း ပြောလိုပါတယ်။ ဒါကြောင့် အကုန်လုံး တိုင်းရင်းသားပါတီတွေကို မဲထည့်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...