ဗဟိုချုပ်ကိုင်မှုလျှော့ချရန်အပါအဝင် တန်းတူခွင့်၊ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုရရှိအောင်လုပ်ဆောင်ပေးရန် မျှော်မှန်းထားသည့် တိုင်းရင်းသားပါတီများကိုသာမဲပေးရန် ဒေသခံပါတီများက တိုက်တွန်းပြောဆိုလိုက်သည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ထဲမှာလည်း တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကိုမဲပေးစို့ ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့ရယ် KNDP ကို မဲပေးမယ်ဆိုပြီးတော့ ကျနော်တို့ ကြွေးကြော်ထားတယ်။ စည်းရုံးဆော်သြထားတဲ့အပိုင်းမျိုးပါ။ အထူးသဖြင့်ကတော့ တန်းတူညီမျှဖြစ်ဖို့အတွက် ကျွန်တော်တို့ကို မဲပေးသင့်တယ်။ကျွန်တော်တို့ ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ်။ လွှတ်တော်ထဲမှာ တတ်နိုင်သလောက်ပေါ့လေ။ ကျွန်တော်တို့ ပြည်နယ်မှာ ဆိုလို့ရှိရင်လည်း အဲဒီအတိုင်းပဲပေါ့။ အဲလိုဖြစ်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုတဲ့အတွက် မဲဆန္ဒရှင်တွေက ကျွန်တော်တို့ကို မဲပေးဖို့လိုအပ်တယ်” ဟုပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဗဟို ချုပ် ကိုင်မှုကိုလျှော့ချရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ရန် ဦးတည်ချက်ထားသော ပါတီဖြစ်သည့် အတွက် မဲဆန္ဒရှင်များအနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ အကျိုးကို သယ်ပိုးမည့် ၎င်းတို့၏ ပါတီကို မဲပေးကြ ရန်လိုသည်ဟု KySDP အတွင်းရေးမှူး ခူးသဲရယ်က ပြောသည်။
ခူးသဲရယ်က “ကျနော်တို့ တိုင်းရင်းသား ပါတီတွေ ဘာကြောင့် ပိုပြီးတော့မှ နေရာ ရလာဖို့လိုသလဲဆိုတော့ ဗဟိုချုပ်ကိုင်မှု ကို ကျနော်တို့ လျှော့ချချင်တယ်။ နောက်ပြီးတော့မှလည်း ကျနော်တို့ ဖက်ဒရယ် စနစ်ကို လည်းကျနော်တို့ ဖော်ဆောင်ချင်တာပေါ့နော အဓိက အချက် ၃ ချက်က အရေးကြီးပါတယ်။ နောက်တစ်ခု ကတော့ ကိုယ့်ရဲ့ တိုင်းရင်းသား ပါတီထဲမှာတော့ ပါလာတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ဒီဒေသမှာ လူထုတွေနဲ့ ရင်းနှီးပြီးသား ပုဂ္ဂိုလ်တွေ လူထုအကျိုးကို ဆောင်ရွက်ဖူးခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် လူထု တွေရဲ့ လိုအပ်ချက် လူထုတွေရဲ့ အခက်အခဲကိုတော့ သူတို့ ပိုပြီးမှ နားလည်ပြီး လူထုတွေ တကယ်လိုအပ် နေတဲ့ အရာကိုလည်း အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အခါကျတော့ ဒီပါတီက အ နိုင်ရရှိဖို့ လိုတယ်ဆိုတာကတော့ ကျနော်တို့က မဲဆန္ဒရှင်ကို ပြောချင်ပါတယ်” ဟုပြောသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ၎င်းတို့၏ အကျိုးကို သယ်ပိုးပေးမည့် ဒေသအခြေစိုက် တိုင်းရင်းသား ပါတီများကို မဲပေးကြရန် တိုင်းရင်းသားပါတီ အချို့က တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းကလည်း ၎င်းတို့ပါတီသည် ကချင်ပြည်နယ်ကိုဦးဆောင်သည့်ပါတီဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည် သူများအနေဖြင့် KSPPကို မဲပေးသင့်သည်ဟု ဆိုသည်။
“KSPP ဟာ ကချင်ပြည် နယ်ကို ဦးဆောင်တဲ့ ပါတီဖြစ်တယ်။ နောက်အနာဂတ်မှာ ၂၀၂၁ နောက်ပိုင်းမှာ ညွှန်ပေါင်းအစိုးရဖွဲ့တဲ့ အချိန်မှာလည်း KSPP ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါမယ်။ ဖက်ဒရယ် နိုင်ငံ တည်ဆောက်တဲ့ နေရာ မှာလည်း KSPP ဟာ ပါဝင်လာရမယ်။ ဒါပြီးမှ အခြေခံ ဥပဒေပြင်ဆင်တဲ့ ဟာမှာ လည်းKSPP ဟာ ပါဝင်ရ မယ် ဒါကြောင့် KSPP ဟာ ကချင်ပြည်နယ်နဲ့ ခွဲခြားလို့ မရတဲ့ ပါတီ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီဟာက ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ဖြစ်တယ်။ ဒါကြောင့်လဲ KSPP ကိုမဲပေးဖို့ လိုအပ်ပါတယ်” ဟုပြောသည်။
ချင်းပါတီသုံးခုပေါင်းစည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD ပါတီကလည်း ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းအမျိုးသားရေး လက္ခဏာများကို ဦးစား ပေးလုပ်ဆောင်မည့် ချင်းပါတီကို မဲပေးရန် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။
ဦးငိုင်ဆာ့ခ်က “ချင်းပါတီတွေကတော့ တိုင်းရင်းသားတွေက အဲဒီအတွက်ကို ရည်မှန်းချက် ထားပြီးတော့ တိုက်ပွဲဝင်တာကိုး ဆိုတော့ သုံးချက်ရှိတယ်။ ချင်းပါတီမှာ အမျိုးသားရေး လက္ခဏာကို ဆောင်ရွက်တဲ့ ပါတီ ဖြစ်တယ်။ နံပါတ် တစ်က အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ဖို့ရယ်။နံပါတနှစ်နံပါတ် သုံးက ပြည်နယ်အတွက် ဒေသအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ် မယ်ပေါ့။ အဲဒီဟာ သုံးချက်အပေါ်မှာ ချင်းပါတီက လုပ်တာ။အထူးသဖြင့် NLD တို့၊ ကြံ့ခိုင်ရေးတို့ တစ်ခြား ပါတီတွေက ချင်းပြည်နယ်အတွက်ဆို တစ်ခြားဘာမှမပြောဘူး။ ဖွံ့ဖြိုးရေး လုပ်ပေးမယ်၊လမ်းဖောက်ပေး မယ်၊ ကျောင်းဆောက်ပေးမယ်၊ဒီလောက်ပဲလေ ဆိုတော့ ကွာခြားပါတယ်ဆိုတာကြောင့် ချင်းပါတီကိုတော့ မဲပေးရမှာပေါ့။ မဲပေးသင့်တာပေါ့နော်” ဟုပြောသည်။
ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီအနေဖြင့်လည်း ၁၉၄၇ ပင်လုံ ကတိကဝတ်ကို အခြေခံသည့် ပါတီဖြစ်သည့်အပြင် ရှမ်းလူမျိုး တစ်မျိုးတည်း၏ အရေးအတွက် လုပ်ဆောင်မည့် ပါတီမဟုတ်ပဲ ပြည်ထောင်စုထဲတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသား အားလုံး၏အရေးကို လုပ်ဆောင်မည့် ပါတီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၎င်းတို့ပါတီကို မဲပေးသင့်သည်ဟု SNLD ပါတီမှ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဆွန်လျို့က ပြောသည်။
“ပြည်သူလူထုက SNLD ကို ဘာကြောင့်မဲပေးသင့်သလဲ ခုနက ကျနော်ပြောခဲ့ပြီးပြီ ကျနော်တို့ ၁၉၄၇ ပင်လုံ ကတိကဝတ် နောက်တစ်ချက်က ကျနော်တို့ မြန်မာပြည်သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်ပြည် ထောင်စု ဖြစ်တဲ့အတွက် ကျနော်တို့ ဒီဖက်ဒရယ် သွားနေတဲ့ လမ်းကြောင်းဟာ ကျနော်တို့ ဖက်ဒရယ် မရ မချင်းက ကျနော်တို့က ဒီငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ မရပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ မူဝါဒနဲ့ ကိုက် ညီတဲ့အတွက် နောက်တစ်ချက်က ကျနော်တို့ သွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ ကျနော်တို့ မူဝါဒ ချမှတ်ထားတဲ့ ပါတီဖြစ်တဲ့အတွက် နောက်တစ်ချက် ပြည်သူကလည်း ယုံယုံကြည်ကြည်နဲ့ မဲပေးသင့် တယ် လို့ ကျနော်ယုံကြည်ပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဝန်းရံခဲ့ကြသည့်အပြင် ပါတီအောင်နိုင်ရေးအတွက်ပါ ကြိုးစားပေးခဲ့ကြသော်လည်း အာဏာရလာသည့် NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှု့ခဲ့သည်ဟု တိုင်းရင်းသားများက ဆိုသည်။
ထို့ကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် တိုင်းရင်းသားများက ၎င်းတို့၏ဒေသခံတိုင်းရင်းသား ပါတီများကို ပြန်လည်ဝန်းရံခဲ့ကြသည်ကို တွေ့ရသည်။
ထိုမှတစ်ဆင့် ရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့ပါက လွှတ်တော်မှ တစ်ဆင့် တိုင်းရင်းသားများ လိုလား တောင်းတနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ တန်းတူခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ကြိုးစားလုပ်ဆောင်သွားကြမည်ဟု တိုင်းရင်းသားပါတီများက တညီတညွတ်တည်း ကတိပြုပြောသည်။