NLD ကိုယ်စားလှယ်လောင်းနှင့် မဲရုံမှူးတို့ အချင်းများမှုကြောင့် မဲပေးခြင်း နှစ်နာရီခန့်ရပ်နားခဲ့ရ

NLD ကိုယ်စားလှယ်လောင်းနှင့် မဲရုံမှူးတို့ အချင်းများမှုကြောင့် မဲပေးခြင်း နှစ်နာရီခန့်ရပ်နားခဲ့ရ

NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် မဲရုံမှူးတို့ အချင်းများမှု ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မှန်ကင်းကျေးရွာတွင် နိုဝင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ အချင်းများမှုကြောင့် ၎င်းမဲရုံတွင် ကြိုတင်မဲပေးမှုကို နှစ်နာရီခန့်ရပ်နားခဲ့ရပြီး မဲဆန္ဒရှင်တစ်ဦး ကြိုတင်မဲပေးစဉ် မဲရုံမှူးက ပေးရမည့်ပါတီအား ညွှန်ပြရာမှ  စတင်အချင်းများခြင်းဖြစ်ကြောင်း ထိုမဲရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးဇင်သူထွေးပြောသည်။

“အဖိုးက ကျားနီကဘယ်ဟာလဲ ဆိုတာပဲမေးတာ။ ကျန်တာဘာမှမမေးဘူး ဆရာမကြီးကို။ မျက်လုံးကလည်းမွဲ အသက် ၇၅ လည်းရှိပြီဆိုတော့” ဟု မဲရုံမှူးအား မေးမြန်းခဲ့သည့် ကာယကံရှင် ဦးထွန်းရွှေက ပြောသည်။

ဦးထွန်းရွှေတို့အနေဖြင့် မဲသွားထည့်ရာတွင် လင်မယားနှစ်ဦးတည်းသာ သွားရောက်ထည့်ခဲ့ပြီး အကူအညီအဖြစ် ဆွေမျိုးသားချင်းများတစ်ဦးမျှ မပါဝင်သဖြင့် မဲရုံမှူး၏အကူအညီကို ရယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရှမ်းနီအကွက်က ဘယ်အကွက်လဲ မျက်စိမွဲလို့ပြပေးပါဆိုတော့ ဒေါ်နှင်းနု (မဲရုံမှူး) က ဒီကွက်ဆိုပြီးပြပေးလိုက်တာ။ သူတို့က ဘယ်လိုမြင်သွားလဲဆိုရင် ရှမ်းနီကိုထည့်ပါဆိုပြီး ခိုင်းတယ်ဆိုပြီး ချက်ခြင်းပြဿနာတက်တော့တာ အဲ့မှာရှင်းပြတာကိုလည်း သူတို့က လက်မခံဘူးလေ။ ပူညံပူညံဖြစ်တယ်လေ။ နှစ်နာရီလောက်က မဲထည့်မရတော့တာ” ဟု အချင်းများမှုနှင့်ပတ်သက်၍ မျက်မြင်တွေ့ရှိခဲ့သူ ဦးအောင်ရှိန်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ ၂ဝ၂ဝ ခုနှစ် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်တွင် မဲဆန္ဒပေးသူက အမည်မဖတ်တတ်လျှင်သော်လည်းကောင်း၊ ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင်သော်လည်းကောင်း အကူအညီတောင်းခံလျှင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

“ပြောတာမှစုံတာပါ။ ပယ်မဲတွေဖြစ်အောင် လုပ်ပစ်မယ်ဆိုတာတွေလည်းပါတယ်။ မဲကော်မရှင်က ရှင်းပြတဲ့အခါမှ ဒါတောင် လက်သင့်မခံချင်ဘူး။ သူတို့လာလုပ်တော့ တော်တော်လည်းကို အကျည်းတန်သွားတာပေါ့။ ဒီဘက်ကတော့ ဘယ်ကျေနပ်ကြမလဲ” ဟု ဦးအောင်ရှိန် ကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...