ယခင်ရွေးကောက်ပွဲများတွင် မဖြစ်ခဲ့သည့် ချို့ယွင်းချက် အားနည်းချက်များ ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်တွင် ကြေညာချက်ထုတ်၍ ဝေဖန်ခဲ့သည်။
အဆိုပါကြေညာချက်တွင် ယခုကာလသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲများ ပေးနေသည့်ကာလဖြစ်ပြီး ၎င်းကာလအတွင်း နိုင်ငံရေးပါတီများ၏ တရားဝင်ထုတ်ပြန်ချက်၊ သတင်းစာရှင်းလင်းပွဲများ၊ မီဒီယာများသို့ ပြောကြားချက်များနှင့် မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ကြိုတင်ဆန္ဒမဲများကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိနေရကာ လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်ပါးဒေသများ၏ အခြေအနေများကိုမူ သိရှိနိုင်ရန် ပိုမိုခက်ခဲကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် လေးနှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင်ဆန္ဒမဲထည့်သည့်စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာဆောင်ရွက်နိုင်ရေး ချို့ယွင်းအားနည်းခဲ့ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်း တွက်ချက်ရာ၌ပင် ခက်ခဲခဲ့မှုများ၊ လက်တွေ့မဲစာရင်းထုတ်ပြန်ရာ၌ မမှားသင့်သည့်အမှားများ မှားယွင်းခဲ့မှု များကို တွေ့ရှိရသည့်အပြင် လက်တွေ့ကြိုတင်ဆန္ဒမဲပေးနေသည့် ယခုကာလ၌ အငြင်းပွားစရာဖြစ်ရပ်များ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးသော ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွေ့အကြုံများကိုရယူလျက် လွတ်လပ်၍တရားမျှတသောရွေး ကောက်ပွဲအဖြစ်ပိုမိုပြည့်စုံစွာ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချို့ယွင်းချက်၊အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းအားနည်းချက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် ရွေးကောက်ပွဲ၏ပုံရိပ်ကို ကြီးမားစွာထိခိုက်စေနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောကော်မရှင် တစ်ခုဖြစ်သော်လည်း ကော်မရှင်အား နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အစိုးရအဖွဲ့မှ တာဝန်ယူရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရသောကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍ တရားမျှတမှုရှိ/မရှိအပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်ခြင်းထက် အစိုးရအပေါ် ဝေဖန်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် မကြာမီကျင်းပတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
Published
Tuesday, November 03, 2020
ယခင်ရွေးကောက်ပွဲများတွင်မဖြစ်ခဲ့သည့် ချို့ယွင်းချက်/အားနည်းချက်များ ၂၀၂၀ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်နေသည်ဟုဆိုကာ အစိုးရအား တပ်မတော်ဝေဖန်