နယ်မြေတည်ငြိမ်သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UEC ကထုတ်ပြန်ပြီးနေက် ပထဆုံး ပစ်ခတ်မှုများ ဖြစ်ပေါ်လာသည့်အပေါ် မေးခွန်းထုတ်စရာများဖြစ်လာကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားများက ပြောသည်။
UEC ၏ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော နယ်မြေများကို စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုရှိသည့်အနက် နယ်မြေတည်ငြိမ်နေသည့် ပေါက်တောမြို့နယ် ပါဝင်ခဲ့မှုကြောင့် ၎င်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ပြုရန် စာဖြင့် တောင်းဆိုခဲ့ကြသော်လည်း UEC၏ အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များ ပြန်လည်စိစစ်ပယ်ဖျက်သည့် ထုတ်ပြန်ချက်တွင်လည်း ပေါက်တောမြို့နယ် ပါဝင်လာခြင်းမရှိပေ။
ထို့ပြင် ပေါက်တောမြို့နယ်အတွင်း အောက်တိုဘာ ၂၉ ရက်က ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပေါက်တောမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ ဒေသခံ ကျေးရွာသားကိုးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာရရှိသူများကို ပေါက်တော၊ မင်းပြားနှင့် စစ်တွေဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
“ဒီလိုမျိုးပစ်ခတ်သံတွေ ဖြစ်လာတဲ့အတွက် UEC အနေနဲ့လည်း တစ်ခုခုထောက်ပြ စရာဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့ဆို ဒီလိုအေးချမ်းနေတဲ့နေရာမှာ တကယ်တမ်းတိုက်ပွဲဖြစ် တာလား။ ဒါမှမဟုတ်လုပ်ဆောင်တာလား။ ဒါကိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲအတွက်တော့ တော်တော့ကို စိုးရိမ်မ ကင်းဖြစ်မိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတွေကလည်း မဲထည့်ဖို့အတွက် အဆင့်သင့်လုပ် နေကြတယ်။ ကျနော်တို့ကလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် တောင်းဆိုနေတဲ့အခါမှာ ဒီလိုဖြစ်တာကတော့ မေးခွန်းထုတ် စရာတွေတော့ဖြစ်လာတယ်ဗျ။ ဒီလိုအချိန်မျိုးမှာ ဒီလိုမျိုးတိုက်ဆိုင်မှုတွေဖြစ်သွားတာကတော့ ဘယ်လိုပြောရ မှာလည်း မသိဘူး။ သံသယတွေဖြစ်တယ်လို့တော့ ပြောရမှာပဲ” ဟု ရခိုင်ဦးဆောင်ပါတီ (AFP) မှ ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအေးသာအောင်ကပြောသည်။
နယ်မြေတည်ငြိမ်နေသည့် ပေါက်တောတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ထုတ်ပြန်ပြီးနောက် ယခုလို ပစ်ခတ်မှုများဖြစ်ပေါ်လာခြင်းသည် နိုင်ငံရေးပြသနာကို စစ်ရေးအရရှင်းနေကြသည့်အတွက် စစ်ရေးဧရိ ယာပိုမိုကျယ်လာသည့် သဘောဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု၍ ပေါက်တောမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်ကျော်ထွီးက သုံးသပ်သည်။
“ဘာသေနတ်သံမှ မကြားရတဲ့ပေါက်တောမှာ UEC ကနေပြီးတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုပြီးတော့ ကြေညာပြီးတဲ့နောက်မှာ ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့ ဒါကိုတော့ ကျနော်တို့အနေနဲ့လည်း သံသယဖြစ်တာတွေတော့ ရှိတယ်ပေါ့ဗျ။ နိုင်ငံရေးပြဿနာကို ဒီလိုသာ စစ်ရေးအရ ရှင်းနေကြလို့ကတော့ စစ်ဧရိယာ ပိုကျယ်လာတဲ့ သဘောပေါ့ဗျ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သော ရက်ပိုင်းက ဖြစ်ခဲ့သောပစ်ခတ်မှုများသည် UEC အတွက် ရွေးကောက်ပွဲမကျင်းပရန်ပိုမိုခိုင်မာသော ထောက်ပြချက်တစ်ခုဖြစ်သွားနိုင်ကြောင်း ပေါက်တောမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကျောင်းဆရာ ဦးမောင်စုလှိုင်က ပြောသည်။
“ပထမ UEC ထုတ်ပြန်တုန်းကဆိုရင် ပေါက်တောက ဘာမှမဖြစ်သေးဘူးလေ။ ဘာမှမဖြစ်သေးဘူးဆိုတော့ ပလက်ဝနဲ့ ယှဉ်ပြီးတော့ ပြောကြတာပေါ့။ အခုကနေပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်တောနယ်မှာ လက်နက်ကြီးတွေကျလို့ ဒဏ်ရာတွေ ရကြတယ်ဆိုတော့ ပေါက်တောကို တိုက်ပွဲဇုန်ထဲ ဆွဲခေါ်လိုက်သလိုဖြစ်သွားတာပေါ့။ ဒီလိုမျိုးဖြစ်သွားတော့ UEC ရဲ့ထုတ်ပြန်ချက်ဟာ ပိုပြီးတော့ ခိုင်မာသွားသလို ဖြစ်သွားတယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ယခုလို ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကြောင့် မဲဆန္ဒရှင်ဦးရေ ၁၉၇၀၀၀ ကျေ် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။