ကလေးမြို့ UDP ပါတီဝင်ငါးသောင်းခန့် ချင်းပါတီနှင့်ပူးပေါင်း

ကလေးမြို့ UDP ပါတီဝင်ငါးသောင်းခန့် ချင်းပါတီနှင့်ပူးပေါင်း

ကလေးမြို့မှ UDP ပါတီဝင်ငါးသောင်းနီးပါး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ကို ဝန်းရံသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ဝန်ရံမှုနှင့်ပတ်သက်၍ နှစ်ဖက်ပါတီမှတာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးပွဲတစ်ရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် CNLD ပါတီရုံး၌ အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီ ထူထောင်လာတယ်ဆိုတာက ကျွန်တော်တို့ အနိုင်ရချင်လို့ ပါတီထူထောင်တာဖြစ်တယ်။ ချင်းပါတီကလည်း အနိုင်ရချင်လို့ ချင်းပါတီထူထောင်တာဖြစ်သလို အနိုင်ရပြီးရင် ကျွန်တော်တို့ချင်းလူမျိုး၊ ချင်းရှိတဲ့ရပ်ကွက်၊ အုပ်စုတွေကို အတတ်နိုင်ဆုံးပါဝင်ပြီး  ဖွံ့ဖြိုးပေးဖို့အတွက် ကျွန်တော်လည်း ချင်းတိုင်းရင်းသားဖြစ်အတွက် ချင်းပါတီကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ နှင်းဆီပါတီကထည့်မယ့်မဲနဲ့ ချင်းလူမျိုးများစွာနဲ့ ဝန်းရံပေးမှာဖြစ်ပါတယ်” ဟု ဖျက်သိမ်းခံရသည့် UDP ပါတီ၏ ကလေးမြို့နယ်ရုံးခွဲဥက္ကဌ ဦးဟုန်းထန်းကပြောသည်။

ကလေးမြို့နယ်တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တွင် ပါတီဝင်အင်အား ချင်းလူမျိူး ၄၈၀၀၀ ခန့်ရှိကြောင်း သိရသည်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရပြီးနောက် UDP ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည်ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ဟူသည့် ပါတီသုံးခုကို ၂၀၁၈ ခုနှစ်က ပေါင်းစည်းထားသည့်ပါတီဖြစ်ပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ အင်းအားကြီးပါတီ NLD နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...