ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်

ကိုဗစ်ကာလ ပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများဝေဖန်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

“ပြည်သူတွေအနေနဲ့ အစကတည်းက ဘယ်သူ့ကိုမဲထည့်မယ်ဆိုတာ ရင်ထဲမှာရှိပြီးသား၊ ထွေထွေထူးထူးတွေလုပ်ပြနေလို့ ရောဂါပိုးကူးရုံပဲ ရှိမယ်” ကျောင်းကြီးစုရပ်ဒေသခံဒေါ်ပြုံးမေ

ကိုဗစ်ကာလ နိုင်ငံရေးပါတီများမှ လူစုလူဝေးဖြင့် အင်အားပြမဲဆွယ်သည့်အပေါ် တောင်ကြီးဒေသခံများက ဝေဖန်လျက်ရှိသည်။

တောင်ကြီးမြို့ပေါ်တွင် နိုင်ငံရေးပါတီများအင်အားပြမဲဆွယ်ခြင်းကို မကြာခဏပြုလုပ်လျက်ရှိပြီး ယင်းသို့လှည့်လည်မှုကြောင့် ကိုဗစ်ဗိုင်းရပ်ပြန့်ပွားမည်ကို စိုးရိမ်မိကြောင်း တောင်ကြီးမြို့ ကိုဗစ်အထူးအဖွဲ့မှ စေတနာ့ဝန်ထမ်း ဦးဝင်နိုင်စိုးကပြောသည်။

“ပါတီတွေ မဲဆွယ်တဲ့ကာလဖြစ်နေတော့ စည်းရုံးရေးလုပ်တဲ့အခါ စနစ်တကျဖြစ်စေချင်တယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လူစုလူဝေးလိုက် လမ်းပေါ်ထွက်လာကြတယ်။ Mask တွေလဲမတပ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီတစ်ခုမဲဆွယ်ပွဲမှာ လိုက်တဲ့သူတစ်ဦးမှာ ပိုးတွေ့တယ်။ ဒါကျွန်တော်တို့ အထူးစိုးရိမ်ရတဲ့အခြေအနေပဲ” ဟု ၎င်းကပြောသည်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အောက်တိုဘာ ၂၆ ရက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၏ အင်းအားပြမဲဆွယ်ရာ၌ပါဝင်ခဲ့သည့် ယာဉ်မောင်းအမျိုးသားတစ်ဦးထံတွင် ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မဲကလည်း မပေးလို့မရဘူး။ ဒါပေမဲ့ ပါတီမဲဆွယ်ပွဲတွေက လူဦးရေအရမ်းများတယ်။ အဖွဲ့လိုက်ပဲ၊ ရောဂါတွေက အရမ်းတိုးလာတော့ စိတ်ပူတယ်။ ဘယ်သူ့ဆီမှာ ဒီရောဂါရှိနေမလည်းမသိရတော့ PNO ကဖြစ်သွားတဲ့ကိစ္စမှာ စိုးရိမ်စရာတွေရှိလာတယ်” ဟု တောင်ကြီးဒေသခံ မချယ်ရီအောင်ကပြောသည်။

ပါတီများအနေဖြင့် အင်အားပြသနေရုံဖြင့် မဲရနိုင်မည်မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးသည် လူထု၏ အကဲဖြတ်မှုတွင်မူတည်ပြီး ကျန်းမာရေးနှင့်မညီဘဲ မဲဆွယ်စည်းရုံးမှုကို လက်မခံကြောင်းနှင့် လက်ရှိတွင် ပြည်သူများ၏ နိုင်ငံရေးရေချိန် မြင့်မားလာသည့်အချိန်ဖြစ်သည်ဟု တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ဒေသခံ ဒေါ်ပြုံးမေကပြောသည်။

“ပြည်သူတွေအနေနဲ့ အစကတည်းက ဘယ်သူ့ကိုမဲထည့်မယ်ဆိုတာ ရင်ထဲမှာရှိပြီးသား ထွေထွေထူးထူးတွေလုပ်ပြနေလို့ ရောဂါပိုးကူးရုံပဲ ရှိမယ်” ဟု ၎င်းကပြောသည်။

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများသည် တောင်ကြီးမြို့ပေါ်တွင် အင်အားပြလှည့်လည်မှုများ မကြာခဏပြုလုပ်လျက်ရှိပြီး PNO ပါတီက ၎င်းမြို့အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဝန်းရံသူအများအပြားအသုံးပြု၍ ယာဉ်တန်းပေါင်းထောင်ချီဖြင့် အောက်တိုဘာ ၂၄ ရက်က လှည့်လည်မှုအပေါ် စည်းကမ်းနှင့်မညီကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...