ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီက မဲဆန္ဒရှင်ပြည်သူတွေကို မတရားခြိမ်းခြောက်ကာ မဲပေးခိုင်းခြင်းနှင့် ထိုခြိမ်းခြောက်မှုကို လိုင်းပေါ်တင်ပါက သတ်ပစ်မယ်ဆိုတဲ့သတင်းကို ကောင်းဆက်သော်ဆိုတဲ့ အကောင့်ကနေ အောက်တိုဘာလ ၂၅ ရက် ညနေ ၄ နာရီ ၁၇ မိနစ်မှာ တင်ထားတာကို တွေ့ရပါတယ်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး KySDP အတွင်းရေးမှူး ခူးသဲရယ်ကို မေးကြည့်ရာမှာတော့ ထိုသတင်းဟာ သတင်းအမှားသာဖြစ်ပြီး ၎င်းတို့ပါတီကို မဲဆန္ဒရှင်ပြည်သူတွေ မဲမပေးအောင်၊ မဲပေးချင်သော်လည်း ဆုံးဖြတ်ချက်ဝေဝါးသွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်လာတဲ့ ရေးသားချက်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုပါတယ်။
ခူးသဲရယ်က “ဒါက သတင်းအမှားပါပဲ ကျနော်တို့ဘက်က ဒီလိုသွားခြိမ်းခြောက်လို့ မရပါဘူး။ ခြိမ်းခြောက်တာဆိုလို့ရှိရင် UEC ရဲ့ ဥပဒေအရ အရေးယူဆောင်ရွက်လို့ရတယ်လေ။ တိုင်လို့ရတယ်လေ။ ဒီဘက်မှာတော့ ကိုယ့်ပြိုင်ဘက်တွေ အများကြီးရှိတာပဲ ဒါက ကိုယ်ကတော့ ကိုယ့်ရဲ့ပါတီအနိုင်ရရှိဖို့ ထောက်ခံဖို့ကတော့ အပြိုင်အဆိုင် စည်းရုံးတော့ စည်းရုံးတာပါပဲ ဒါပေမယ့် ကိုယ့်ကို မဲမထည့်ချင်ဘူးဆိုတော့လည်း ကိုယ်က ဘာလို့သွားပြီးတော့ ခြိမ်းခြောက်ရမှာတုန်း ကျနော်တို့ကတော့ ခြိမ်းခြောက်မှာလည်းမဟုတ်ဘူး” လို့ပြောပါတယ်။
လိုင်းပေါ်တင်ပါက သတ်ပစ်မယ်လို့ ကောင်းဆက်သော်ရဲ့ အရေးအသားနဲ့ပတ်သက်၍လည်း ခူးသဲရယ်က အခုလိုမျိုးတုန့်ပြန်ပါတယ်။
“ကျနော်တို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ ဒီလိုရေးတာကတော့ ကမ်းကုန်လွန်းတာပေါ့နော ဆိုတော့ ကျနော်တို့ကလည်း ဒီလို သတ်ပစ်မယ်ဆိုတဲ့ဟာတွေ တော်တော်လေး အန္တရာယ်များတာပေါ့နော ကျနော်တို့လည်း ဒီလိုလုပ်မှာလဲမဟုတ်ဘူး ကျနော်တို့မှာလည်း လက်နက်ကိုင် အဖွဲ့အစည်းလဲမဟုတ်ဘူး ကျနော်တို့က တရားဝင်နိုင်ငံရေးပါတီဖြစ်ပါတယ်။ သူများတွေနဲ့လည်း မျှမျှတတ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင်လည်း ကျနော်တို့ ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကိုယ့်မဲရအောင်တော့ စည်းရုံးကြတာပဲ အဲလောက်အထိတော့ ကျနော်တို့ ရက်ရက်စက်စက်ပြောတာတွေတော့ မရှိပါဘူး သူများပါတီကိုလည်း ပုတ်ခတ်တာမျိုးလည်း မရှိပါဘူး။”
ကောင်းဆက်သော်ဆိုတဲ့ အကောင့်ပိုင်ရှင်ရေးတင်ထားတဲ့ သတင်းပုံစံသက်ရောက်တဲ့ စကားစုကို ၃ ရက်အတွင်း ထပ်ဆင့်ဖြန့်ဝေသူ ၆၃ ယောက်၊ ကြိုက်နှစ်သက်သူ ၁၅၄ ယောက်နှင့် Comment ရေးသားသူ ၆ ယောက်အထိရှိနေတာကို တွေ့ရပါတယ်။
လက်ရှိမှာဆိုရင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီအနေဖြင့် မဲဆန္ဒရှင်ပြည်သူတွေကြားမှာ ပုံစံအမျိုးမျိုးနဲ့ ပြန့်နှံနေတဲ့ သတင်းအမှားတွေကို လိုက်လံဖြေရှင်းနေရတယ်လို့ဆိုပါတယ်။
ရွေးကောက်ပွဲနီးကပ်လာတာနဲ့ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ ပါတီတွေကိုသော်လည်းကောင်း၊ ပါတီဝင်တွေကိုသော်လည်းကောင်း ထိခိုက်နစ်နာစေမယ့် အရေးအသား အပြောအဆို တော်တော်များများကို သတင်းပုံစံဖြင့် သတင်းအမှား၊ သတင်းအတုပြုလုပ်ကာ ရေးသားဖြန့်ဝေလာတာကို တွေ့ရပါတယ်။
ဒါကြောင့် Facebook ပေါ်မှာ သတင်းတွေဆိုရင် ပုံစံအမျိုးမျိုးနဲ့တက်လာတဲ့အတွက် သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေတော့မယ်ဆိုရင် Facebook သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ သတင်းအမှန်လား/အမှားလားဆိုတာကို သေချာစဉ်းစားပြီးမှ ဖြန့်ဝေပေးပါလို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။