ဧရာဝတီတိုင်းဒေသအကြီးအတွင်း ကရင်ပါတီများကို အားပေးဝန်းရံလည့်လည်ပွဲများ ဆက်တိုက်ပြုလုပ်နေပြီး အနှောက်အယှက်ခံရမှု အနည်းငယ်တွေ့ခဲ့ကြောင်း ဝန်းရံကရင်လူငယ်များက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ယခုလအတွင်း ကရင်ပါတီများကို အားပေးဝန်းရံ လှည့်လည်မှုများ ကျေးရွာအလိုက်၊ ကုန်းလမ်း၊ ရေးလမ်းများ၌ မကြာခဏ ပြုလုပ်ခသည့်အပြင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် လှည့်လည်အင်အားပြပွဲကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ မြောင်းမြမြို့နယ်တွင်လည်း ကရင်ပြည်သူ့ပါတီကို အားပေးဝန်းရံလှည့်လည်ပွဲကို အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ မြောင်းမြမြို့ ကရင်ပြည်သူ့ပါတီကို ဝန်းရံလှည့်လည်ပွဲသည်လည်း အေးအေးချမ်းချမ်းပြီးဆုံးခဲ့သလို မြောင်းမြမြို့ပေါ်ရှိ ဆိုင်အချို့က အချိုရေ၊ အအေး၊ ရေသန့်ဗူးများပေးဝေမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် ဧရာဝတီရှိ ကရင်လူငယ်များ ဦးဆောင်ကာ အောက်တိုဘာ ၂၇ ရက်တွင် ပုသိမ်၊ ကန်ကြီးထောင့်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုံး မြို့နယ်များက ကရင်ပါတီများကို အားပေးဝန်းရံလှည့်လည်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာ ပြီးစီးခဲ့သည်ဟု ဝန်းရံလူငယ်တစ်ဦးဖြစ်သူ စခန့်တုံက ပြောသည်။
၎င်းက “ကျနော်တို့ စုပေါင်းလှည့်လည်ပွဲလုပ်တော့ ကန်ကြီးထောင့်လမ်းဆုံမှာ မေးတယ်။ ဘယ်သူဦးဆောင်တာလဲတဲ့။ ကျနော်တို့က ဦးဆောင်သူတော့မရှိဘူး။ ဒီလိုပဲ လာဝန်းရံတာလို့ပြောပြတယ်။ ပြီးခဲ့တဲ့နေ့က ဆုံရပ်အနေနဲ့ ကန်ကြီးထောင့်-မြောင်းမြလမ်းဆုံမှာ လုပ်ထားတယ်။ ဆုံရပ်လုပ်ထားတဲ့ ကွင်းထဲမှာ ကားတွေဝင်လို့မရတော့ တချို့က အပြင်မှာပဲနေကြတယ်” ဟု စခန့်တုံကပြောသည်။
အလားတူ ဝါးခယ်မမြို့နယ်တွင် ကရင်အမျိုးသားပါတီကို ဝန်းရံသူများက ရေကြောင်းခရီးလှည့်လည်ပွဲကို အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး စက်လှေအစီး ၃၀၀ ခန့်ထိ ပူးပေါင်းပါဝင်ခဲ့ကာ အနှောက်ယှက်ပြုသည့်သဘောမျိုး အနည်းငယ် ကြုံတွေ့ခဲ့ရသည်ဟု ဝန်းရံပွဲတွင်ပါဝင်ခဲ့သူများက ပြောသည်။
“ရေကြောင်းခရီး ဝန်းရံလှည့်လည်ပွဲမှာ စက်လှေတွေနဲ့ထွက်တော့ လမ်းကနေလိုက်လာတဲ့ စက်လှေတစီးက တခြားပါတီသီချင်းတွေ ဖွင့်တာရှိတယ်။ တားလို့လည်းမရဘူး။ ဝင်နှောက်ယှက်တဲ့သဘောမျိုးပေါ့၊ ဘယ်သူတွေလည်းဆိုတာ လိုက်လို့မရဘူးဖြစ်သွားတယ်။ စက်လှေတွေက လမ်းကရွာတွေကနေ ထွက်လိုက်လာတာတွေနဲ့ အစီး ၃၀၀ လောက်ရှိတော့ ဘယ်သူတွေဆိုတာတော့ မသိလိုက်ရဘူး” ဟု ဝါးခယ်မမြို့နယ် ကရင်အမျိုးသားပါတီဥက္ကဌ မန်းမျိုးလွင်က ပြောသည်။
ယခုလို အခြေအနေများကြောင့် ဝါးခယ်မတွင် ဝန်းရံလှည့်လည်ပွဲများ ပြုလုပ်လိုသော်လည်း အတက်နိုင်ဆုံးမပြုလုပ်ရန် မေတ္တာရပ်ခံမှုများ ပြုလုပ်ထားရကြောင်း ကရင်အမျိုးသား ပါတီ တာဝန်ရှိသူများထံမှ သိရသည်။
ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီသည် ကရင်ရေးရာဝန်ကြီး ငါးနေရာအပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၇၄ ဦး ဝင်ပြိုင်သွားမည်ဖြစ်ပြီး ကရင်အမျိုးသားပါတီသည် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်၊ ဖားဆောင်မြို့နယ်တို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၃ ဦးဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။