ရခိုင်နှင့်ရှမ်းရှိ ကျေးရွာအုပ်စု ၁၀ ခုကို ရွေးကောက်ပွဲမကျင်းပဖြစ်သည့် စာရင်းမှပယ်ဖျက်ပြီး ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စု ၉၀ ကျော်ထပ်တိုး

ရခိုင်နှင့်ရှမ်းရှိ ကျေးရွာအုပ်စု ၁၀ ခုကို ရွေးကောက်ပွဲမကျင်းပဖြစ်သည့် စာရင်းမှပယ်ဖျက်ပြီး ရွေးကောက်ပွဲမကျင်းပသည့် ကျေးရွာအုပ်စု ၉၀ ကျော်ထပ်တိုး

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာ အုပ်စု ၉၄ ခုတွင် ရွေးကောက်ပွဲဖျက်သိမ်းခဲ့ပြီး ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ ခုတို့ကို ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေများစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာချက်များအရသိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာ အုပ်စု ၉၄ ခု၌ လွတ်လပ်ပြီးတရားမျှတသည့် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စု သုံးခု၊ အမ်းမြို့နယ်မှ ကျေးရွာအုပ်စု လေးခု၊ ရှမ်းပြည်နယ်ရှိ မူဆယ်မြို့မှ ရပ်ကွက်တစ်ခု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု တစ်အုပ်စု၊ ကွမ်လုံမြို့နယ်မှ ကျေးရွာအုပ်တို့တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထပ်မံစိစစ်တင်ပြချက်များအရ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ကိုးမြို့နယ်၊ မြို့နယ် လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ခြောက်မြို့နယ်၊ မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက် ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကျေးရွာအုပ်စု ၉၄ ခုသည်  ယခုမှ ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ်မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ် ခြောက်မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်မြို့နယ်တစ် မြို့နယ်မှ ကျေးရွာအုပ်စု တစ်အုပ်စု၊ ပဲခူးတိုင်းဒေသကြီး မြို့နယ်နှစ် မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒနယ်များကို ကျင်းပနိုင်ခြင်းရှိ၊မရှိအခြေအနေများအား ပြီးခဲ့တဲ့ သုံးလေးလကတည်းက သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနများမှ သဘောထားမှတ်ချက်များ တောင်းယူ၍  စိစစ်ခဲ့ပြီး ကြေညာချက်မထုတ်ပြန်ခင် ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာများကို ယခင်နှင့် အခြေအနေများနှင့် ကွဲပြားခြားနားခြင်းရှိ/မရှိ၊ တိုးတက်မှုများရှိ/မရှိ၊ အပြောင်းအလဲများရှိ/မရှိ ကို ထပ်မံမေးမြန်းခဲ့ကာ ပေးပို့လာသည့် ၎င်းတို့၏ သဘောထားမှတ်ချက်များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ တင်ပြချက်များကိုစုပေါင်းကာ သုံးသပ်စိစစ်၍ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများကို ကြေညာခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

သို့သော်လည်း ယခု ရွေးကောက်ပွဲပယ်ဖျက်လိုက်သည့်နေရာများ ဘေးကင်းလုံခြုံမှုရှိကြောင်း သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များတောင်းခံ၍ ၎င်းတို့ကို ပြန်လည်စိစစ်ကာ နိုဝင်ဘာ ၈ ရက်ကျင်းပမည့် ရွေးကောက်ပွဲမီလျှင် ၎င်းရွေးကောက်ပွဲတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး မမီခဲ့လျှင်လည်း ဘေးကင်းလုံခြုံမှုရှိသည့်အချိန် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...