ရွေးကောက်ပွဲနေ့ မဲရုံပေါင်း ၄၀၀ ကျော်ကိုစောင့်ကြည့်ရန် ရခိုင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့လျာထား

ရွေးကောက်ပွဲနေ့ မဲရုံပေါင်း ၄၀၀ ကျော်ကိုစောင့်ကြည့်ရန် ရခိုင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့လျာထား
by -
မင်းထွန်း (DMG)

ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု ရှိ/မရှိနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ မဲရုံပေါင်း ၄၀၀ ကျော်ကို စောင့်ကြည့်လေ့လာသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

ရခိုင်တောင်ပိုင်းမှ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်စသည့် မြို့နယ်များကို ဦးစားပေးစောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး စောင့်ကြည့်မည့်သူဦးရေ ၄၀၀ ခန့်အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ဆိုသည်။

“အဓိကတော့ ရွေးကောက်ပွဲမှာ မဲမသာမာမှုတွေရှိလာနိုင်တယ်ပေါ့၊ နောက်ပြီး တရားမျှတမှုရှိလား။ အခုအခြေအနေက ရွေးကောက်ပွဲမကျင်းပတာဟာ တရားမျှတမှုမရှိဘူး။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နယ်က အများစုဟာ မဲမထည့်နိုင်ကြတော့ဘူး။ ဒါပေမယ့် ကျင်းပတဲ့ဧရိယာမှာ တရားမျှမှုရှိလား၊ မဲပေးမယ့် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ပါဝင်မှုအခြေအနေ၊ နောက် အငြင်းပွာမှုတွေက ဘာတွေရှိလာနိုင်လဲ။ ဥပမာ အမ်းမြို့နယ်လို နေရာမျိုးဆိုရင် ကြိုတင်မဲတွေ များနိုင်တဲ့အခြေအနေရှိတယ်။ အဲဒီလိုပုံစံမျိုးတွေကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့အနေဖြင့် ယခင်က မဲရုံပေါင်း ၅၀၀ စောင့်ကြည့်ရန် လျာထားခဲ့သော်လည်း လက်ရှိတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ကြေငြာလိုက်သည့်အတွက် မဲရုံ ၄၀၀ ခန့်သာ စောင့်ကြည့်မည်ဖြစသည်ဟုဆိုသည်။

လက်ရှိရွေးကောက်ပွဲကျင်းပမည့်မြို့နယ်များမှ ရခိုင်ပြည်သူလူထုများသည် ပါတီများနှင့်ပူးပေါင်းပါဝင်မှု၊ ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှု အားကောင်းလာခြင်းကို တွေ့ရကြောင်း ဦးခိုင်ကောင်းစံက ဆက်လက်ပြောသည်။

“အရင်ဆိုရင် သံတွဲ၊ တောင်ကုတ်မြို့နယ်တွေမှာဆိုရင် ရခိုင်ပါတီတွေ၊ အထူးသဖြင့် ရခိုင်အမျိုးသားပါတီအတွက် နေရာမရှိဘူး။ ပြည်မပါတီဖြစ်တဲ့ NLD တို့အတွက် နေရာရှိတယ်။ အခုအခြေမှာ လူမှုကွန်ယက်စာမျက်နှာတွေမှာကြည့်တော့ လူထုတွေက ကိုယ်ချင်းစာ စိတ်တွေ၊ နားလည်မှုတွေ၊ နောက်ပြီး ရခိုင်မြောက်ပိုင်းမှာမကျင်းပဘဲ တောင်ပိုင်းမှာကျုင်းပလာတာဟာ (UEC) ရဲ့ တစ်ဖက်သတ်လုပ်ဆောင်မှု၊ ဒါဟာ ခွဲခြားဆက်ဆံမှုတွေဆိုတဲ့ အမြင်မျိုးတွေနဲ့လည်း ဖြစ်လာနိုင်တယ်။ အဲတာတွေကြောင့် လူထုတွေက ပါတီတွေအပေါ်မှာ ပူးပေါင်းပါဝင်မှု၊ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုတွေ ပိုပြီးများလာတာကို တွေ့ရတယ်။ အထူးသဖြင့် လူငယ်တွေ စိတ်ဝင် စားမှုကို ပိုတွေ့လာရတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့် နေရာများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ကြသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂)၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက် (၃) ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေ မြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁၀) ရပ်ကွက် ကျေးရွာ အုပ်စု (၅၂) အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း UEC မှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ရှစ် ခုတွင် မဲရုံစုစုပေါင်း ၇၅၅ ရုံသာကျန်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄၄၈၈၅၂ ဦး ခန့်သာကျန်ကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

ယခင်က ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် မဲရုံစုစုပေါင်း ၂၅၉၅ ရုံလျာထားခဲ့ခြင်းဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိ သူဦးရေ ၁၆၄၆၀၀၀ ဦးရှိခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...