NLD ၏ မဲဆွယ်သီချင်းကို ပုံဖျက်သီဆိုကာ ဖွင့်လှစ်မဲဆွယ်မှုနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုး ဝန်းရံသူများကို အရေးယူပေးရန် NLD ဘက်က တရားရုံးသို့ ဦးတိုက်လျှောက်ထားမှု အောက်တိုဘာ ၂၆ တွင် ဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ရှိ ဝက်လူး၊ မြဝတီ၊ ပဲချက် စသည့် ကျေးရွာများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများ အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းက အင်အားပြ လှည့်လည်စဉ် အဆိုပါ သီချင်းကို အသံချဲ့စက်ဖြင့် ဖွင့်လှစ် မဲဆွယ်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီးမြို့ နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ မြို့နယ်အောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးမောင်သုက ပြောသည်။
"သူတို့ (USDP) အောင်နိုင်ရေးခရီးစဉ်မှာ မဲဆွယ်စည်းရုံးတဲ့အခါ ဘာသာရေးတွေကို ခုတုံးလုပ်ပြီးတော့ မဲဆွယ်စည်းရုံးတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း အသရေညှိုးစေတဲ့ စာသားတွေလည်းပါတဲ့အတွက် ကျွန်တော်ကတော့ (သက်ဆိုင်ရာဆီပို့တဲ့) စာထဲမှာတော့ 'USDP ပါတီနှင့် ဓာတ်စက်ဖွင့်တဲ့သူ' လို့ အဲဒီလိုရေးပြီး ဖွင့်ထားပါတယ်" ဟု ဦးမောင်သုကဆိုသည်။
ပြည်ခိုင်ဖြိုးမဲဆွယ်ရာတွင် ဖွင့်သောသီချင်းမှာလည်း NLD ပါတီဝန်းရံသူများအကြား အကြိုက်ညီရေပန်းစားနေသော "ဒေါက်ဖိနပ်လျှောက်သံ" ဟု အမည်ပေးထားသည့် တေးသီချင်းပါစာသားများကို ပုံဖျက်ရေးသားထားခြင်းဖြစ်သည်။
နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က "ရွေးကောက်ပွဲ ဥပဒေနဲ့ဆိုရင် ရဲအရေးပိုင်ပါတယ်။ ရွေးကောက်ပွဲဥပဒေနဲ့ပဲ စွဲဖို့ပဲလုပ်ကြတာပါ။ ရဲစခန်းမှာအမှုဖွင့်တော့ ရဲစခန်းက အဲဒါကို ရဲအရေးပိုင်အမှုအနေနဲ့ လက်မခံဘူးပေါ့နော်။ တရားရုံး ဦးတိုက်လျှောက်ပါဆိုတော့ တရားရုံးကို ဦးတိုက်တော့ ၅၀၅ (ခ) နဲ့ စွဲလိုက်တာပေါ့" ဟု ပြောကြားသည်။
ပုဒ်မ ၅၀၅ (ခ) အရ အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှုကို မြို့နယ်တရားရုံးက အောက်တိုဘာ ၂၆ နေ့လယ်ပိုင်းတွင် ကနဦး စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါရုပ်သံဖိုင်မှာ အောက်တိုဘာ ၂၅ ညပိုင်းကစ လူမှုကွန်ရက်စာမျက်နှာထက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကို ရုပ်သံမှတ်တမ်း ကိုယ်တိုင်ရိုက်ကူးထားခဲ့သူတစ်ဦးဖြစ်သည့် မြဝတီကျေးရွာနေ ဒေသခံ ကိုနေဆန်းက "ကျွန်တော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားတဲ့ သီချင်းစာသားဖြစ်နေလို့ ကျွန်တော်လည်း မှတ်တမ်းယူလိုက်တာပါ" ဟု ပြောသည်။
လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်လှုံ့ဆော်သည့် စာသားများကို ပြည်ခိုင်ဖြိုးဝန်းရံသူများက ဖလှယ်ရေးစပ်သီဆိုကာ ပုတ်ခတ်စော်ကားမှုအပေါ် NLD ဝန်းရံသူ ဒေသခံအများစုက လက်မခံနိုင်ကြခြင်းဖြစ်သည်။
ကိုယ်တိုင်ရိုက်ကူးပြီး ပေးပို့လာသူ၏ ရုပ်သံဖိုင်အရလည်း ယင်းသီချင်းပါစာသားများမှာ NLD ကို သာသနာဖျက်ပါတီ၊ ထောင်ထွက်ပါတီစသဖြင့် ရည်ညွှန်းသီဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရင့်သီးစွာပြောဆိုထားသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်တိုက်ခိုက်မှုမျိုးပါ ထည့်သွင်းစပ်ဆိုထားသည်။
NLD ပါတီဝန်းရံသူ ဒေသခံကိုဟိန်းမင်းစိုးက "ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ စုပြီးလှည့်လည်တာ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်ရဲ့ စည်းရုံးရေးခရီးစဉ်ပါ။ ရုပ်သံဖိုင်အထောက်အထား အပြည့်အစုံရှိပါတယ်။ ပဲချက်ကျေးရွာ၊ မြဝတီကျေးရွာ၊ ဝက်လူးကျေးရွာမှာပါ" ဟု ဆိုသည်။
၎င်းနည်းတူ ဒေသခံအချို့က အဆိုပါခရီးစဉ်တွင် နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်မှူးကြီးဟောင်း၊ ယခင်အစိုးရလက်ထက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်ပါဝင်ကြောင်း ပြောဆိုကြသည်။
ယင်းစွပ်စွဲချက် မှန်/မမှန် သီးခြားအတည်ပြုချက်ရယူနိုင်ရေးအတွက် ဦးဉာဏ်ထွန်းအောင်ထံ ဖုန်းဖြင့် အောက်တိုဘာ ၂၆ တွင် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
ပြည်ခိုင်ဖြိုးပါတီ နွားထိုးကြီးမြို့နယ်ဥက္ကဋ္ဌ ဦးကြည်ဖေက ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းနေ့တွင် ကိုယ်တိုင်မပါဝင်၍ မသိရှိကြောင်း ပြောကြားသည်။ ဝန်းရံသူများ ဖြစ်သည့်ကိစ္စသာဖြစ်ပြီး ပါတီနှင့်မသက်ဆိုင်ကြောင်းလည်း ဖြည့်စွက်ပြောသည်။
နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြမောင်က ယင်းဖြစ်စဉ်ကိစ္စ လာရောက်တိုင်တောခြင်းမရှိကြောင်း ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ သဘောထားကတော့ သူတို့က ကျွန်တော်တို့ဆီမှာ ဘာမှလာပြီးတော့ တိုင်တာ၊ တိုင်တောတာ မရှိဘူး။ နောက်ပြီး သိမှ ဒါလည်း ဒီ ဖွင့်တဲ့သူတွေက၊ ဘယ်ပါတီပဲဖြစ်ဖြစ်၊ ပါတီတိုင်းကလိုလိုပါ။ ကျွန်တော် ဘယ်ပါတီမှ နာမည်မတပ်ဘူးနော်။ ကိစ္စတစ်ခု တစုံတရာ ဖြစ်လို့ရှိရင် ဝန်းရံသူလို့ပဲ ပြောကြပါတယ်။ ဝန်းရံသူလို့ ပြောတဲ့အတွက် ဝန်းရံသူတွေကို အရေးယူဖို့ဆိုတာ ကျွန်တော်တို့ ကော်မရှင်ဥပဒေမှာ မပါဘူး" ဟု မြို့နယ် ရွေး/ကော်ဥက္ကဋ္ဌက အောက်တိုဘာ ၂၇ နံနက်ပိုင်းတွင် ပြောကြားသည်။
လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီးလာမည့် ရွေးကောက်ပွဲတွင်လည်း ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနိုင်ထူးအောင်က ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီအတွက် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည်နှင့်အညီ မတူညီသည်များကို လက်ခံပေးနိုင်ခြင်း၊ ကြိုက်နှစ်သက်ရာပါတီကို ရွေးချယ်မဲပေးခြင်းအပြင် မတူညီသူများကို စော်ကား ပုတ်ခတ်သည့် လုပ်ရပ်မျိုး ရှောင်ကြဉ်ခြင်း စသည့် ဒီမိုကရေစီယဉ်ကျေးမှု အမှန်တကယ် ထွန်းကားလာဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုသည်။
"တစ်ခုနဲ့တစ်ခု တိုက်ခိုက်တာတွေ၊ ပုတ်ခတ်တာတွေဆိုတာကတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်" ဟု ဦးနိုင်ထူးအောင်က ဝေဖန်သုံးသပ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် ရဲလုပ်ငန်းစဉ်အရ သက်သေအထောက်အထားရယူခြင်း၊ စုံစမ်းစစ်ဆေးခြင်း စသည်များ ဆောင်ရွက်နေပြီဟု သိရကြောင်း တရားလို ဦးမောင်သုက အောက်တိုဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။