ရခိုင်မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲဖျက်သိမ်းခဲ့သဖြင့် ကြိုတင်မဲပေးမည့်သူဦးရေ ထက်ဝက်ကျော်နစ်နာခဲ့ရ

ရခိုင်မြို့နယ်အများအပြားတွင် ရွေးကောက်ပွဲဖျက်သိမ်းခဲ့သဖြင့် ကြိုတင်မဲပေးမည့်သူဦးရေ ထက်ဝက်ကျော်နစ်နာခဲ့ရ
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ မကျင်းပခြင်းကြောင့် ကြိုတင်မဲပေးမည့်သူဦးရေ ထက်ဝက်ကျော် နစ်နာခဲ့ရကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ရွေးကောက်ပွဲမကျင်းပဖြစ်သည့် မြို့နယ်များတွင် ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ကိုး မြို့နယ်နှင့် မြို့နယ်လေးမြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စု ပါဝင်ခဲ့သဖြင့် ကြိုတင်မဲပေးရန် စာရင်းပေးထားသူဦးရေ ၉၀၀၀ ကျော်ရှိရာတွင် ဦးရေ ငါးထောင်ခန့် ကြိုတင်မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ကာ ဦးရေ ၄၀၀၀ ကျော်သာ ကြိုတင်မဲပေးရန်ကျန်ရှိတော့ကြောင်း သိရသည်။

“ကြိုတင်မဲက ၄၀၀၀ ကျော်လောက်ပဲကျန်တယ်။ တပ်မဲဘယ်လောက်ကျန်တယ်ဆိုတဲ့ ပုံစံမျိုးတော့မရှိဘူး။ ကြိုတင်မဲတွေက ရောက်တဲ့မြို့နယ်တွေကိုတော့ ရောက်နေကြပြီ။ စာအိတ်တွေ၊ ဘာတွေ၊ ဖွင့်လာတာတွေတော့မရှိဘူး” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

ကြိုတင်မဲပေးရန် စာရင်းပေးထားသူများအထဲတွင် မဲဆန္ဒနယ်ပြင်ပရောက်နေသူများ၊ အချုပ်ခန်း၊ သင်တန်း၊ ဆေးရုံ၊ တပ်မတော်သားများနှင့် အတူနေထိုင်သည့် အိမ်ထောင်စုဝင်များပါဝင်ကြောင်း သိရသည်။

အဆိုပါကြိုတင်မဲများမှာ လက်ရှိရွေးကောက်ပွဲကျင်းပမည်ဟု ကြေငြာထားသော မြို့နယ်တချို့သို့ ရောက်ရှိနေပြီဖြစ်ပြီး တချို့မြို့နယ်များသို့ မရောက်ရှိဘဲ နောက်ကျနေကြောင်း သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

“ကြိုတင်မဲတွေကတော့ ရောက်နေပြီ။ ကြိုတင်မဲစာအိတ်ကိုဖွင့်မှာကတော့ ပါတီကိုယ်စားလှယ်တွေ၊ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ အစုံအလင်နဲ့ ဖွင့်သွားမှာဖြစ်တယ်။ အခုလောလောဆယ် ဖွင့်ဖို့အစီအစဉ်မရှိသေးဘူး။ အဲတာက ရွေးကောက်ပွဲနီးတဲ့အချိန်မှ ဖွင့်မှာဖြစ်တဲ့အတွက် အခုလက်ခံထားတာပဲရှိတယ်” ဟု စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာမောင်ကပြောသည်။

စစ်တွေမြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့အထိ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ ၁၅၀ ကျော်လက်ခံရရှိထားကြောင်း ၎င်းကပြောသည်။

 

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းအောင်က “ကျနော်တို့ကတော့ တရားမျှတမှု မရှိမှာကို စိုးရိမ်တယ်။နည်းလမ်းမကျဘဲ လုပ်သွားမှာကို ကြောက်တယ်။ ကြိုတင်မဲပေးတာကတော့ ပေးတဲ့သူတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပေါ့။တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတွက် ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်” ဟု ပြောသည်။

ဦးထွန်းထွန်းအောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ကို ကိုယ်စားပြု၍ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲလုံးဝမကျင်းပသည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး တစိတ်တပိုင်း မကျင်းပဖြစ်သည့် မြို့နယ်များမှာ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာ အုပ်စု (၅၂) အုပ်စုတို့ ဖြစ်သည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိသည့်အနက် တစ်ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရွေးကောက်ပွဲကို ယခင်က ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးတွင် ကျင်းပမည်ရန် စီစဉ်ထားသဖြင့် မဲရုံစုစုပေါင်း ၂၅၉၅ ရုံ လျာထားခဲ့သော်လည်း လက်ရှိ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်ရှစ်ခုတွင်သာ ကျင်းပနိုင်မည်ဖြစ်သဖြင့် မဲရုံစုစုပေါင်း ၇၅၅ ရုံသာ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...