ကချင်ပြည်နယ် ဝိုင်းမော်မြို့အ၀င်ဆိုင်းဘုတ်ကို ကချင်တိုင်းရင်းသားအမှတ်အသားဖြင့်သာ တည်ဆောက်ထားခြင်းသည် အာဏာရပါတီအနေဖြင့် ကချင်လူမျိုးများ၏ဆန္ဒမဲကို မျှော်ကိုးလုပ်ဆောင်ခြင်းဖြစ်ကြောင်း မြစ်ကြီးနားရှမ်းနီလူငယ်ကွန်ယက်မှ စိုင်းအောင်မျိုးကပြောသည်။
အဆိုပါ မြို့အဝင်ဆိုင်းဘုတ်ကို ၂၀၂၀ ပြည်နှစ် အောက်တိုဘာ ၁၀ ရက်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကချင်တိုင်းရင်းသားအမှတ်အသားကို ထည့်သွင်းတည်ဆောက်မှုအပေါ် ပါတီတစ်ခုနှင့် ဒေသခံလူနည်းစုတိုင်းရင်းသားများက ကန့်ကွက်မှုများပြုလုပ်ထားကြောင်း သိရသည်။
"ဒါကတော့ ကျွန်တော့်အမြင်ပြောရရင် အစိုးရက ကချင်လူထုကိုဖားတာပဲ။ ကချင်ပါတီ သုံးပါတီပေါင်း သွားတဲ့အခါ NLD မဲမရမှာလဲစိုးတယ်လေ။ မဲမရမှာစိုးတဲ့အခါကျတော့ဘာဖြစ်သလဲဆိုတော့ ကချင်ပြည်နယ် ရဲ့ရုံးမှာ NLD ပါတီရုံးတွေမှာ မနောတိုင်တံဆိပ်ကပ်တာပေါ့။ သူတို့စီမံကိန်းဆွဲထားတာက ကျွန်တော်တို့ ဝိုင် မော် အပြင်ဘက်တို့မှာရောပေါ့။မနောတိုင်နဲ့ပြန်ဖားတာပေါ့ဗျာ။ ကချင်လူထုကို ကချင်မဲရအောင် သူတို့လုပ်နိုင် တယ်ဆိုတာကိုပြချင်တာ။ ဒါပေမယ့် ဒီဘက်မှာရှိနေတဲ့ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားချက်တွေ ဌာနေတိုင်းရင်း သားတွေကို အရေးတယူ မပြုတဲ့အခါကျတော့ တိုင်းရင်းသားအချင်းချင်းကြားထဲမှာ လွှမ်းမိုးလိုမှုတွေရှိ လာတာ ပေါ့။တရာမျှတမှုမရှိဘူးဗျာ။ ဒီမိုကရေစီနည်းလမ်းတကျ ဒီမိုကရေစီကိုသွားနေတဲ့ ပါတီကြီးတွေကိုယ်တိုင် ဒီမိုက ရေစီနည်းလမ်းကျကျကို မလေးစားဘူးပေါ့ဗျာ။ ဌာနေတိုင်းရင်းသားတွေရဲ့ အသံကိုနားမထောင်ပေးဘူးပေါ့ဗျာ။ သူ တို့ဖြစ်ချင်တဲ့ ဆန္ဒကိုလိုက်လျောပေးသင့်တယ်ပေါ့ လူမျိုးကြီးဝါဒလို့ပြောရမှာပေါ့။အဲလိုမျိုးပဲမြင်တယ်" ဟု ၄င်းကပြောသည်။
ဝိုင်းမော် မြို့အဝင်ဆိုင်းဘုတ်ဒီဇိုင်းနှင့်ပတ်သက်၍ ဌာနေတိုင်းရင်းသားများဖြစ်သည့် ရှမ်းနီ၊ ရှမ်းတိုင်းရင်းသားများ ကန့်ကွက်လျက်ရှိရာ ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးကော်မတီက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးဖော်ပြခဲ့သော်လည်း ယခုအချိန်ထိ ပြင်ဆင်ပေးခြင်းမရှိသေးကြောင်းသိရသည်။
“ဝိုင်းမော်မြို့နယ်ဒေသရဲ့ မူရင်းအင်ပါယာကမိန်းမော့ (ဝိန်းစွန်) ရှမ်းနီတို့ရဲ့ ဘူမိနက်သန်မြေပါ။ ယခု အဲဒီနေရာကို (Ancient Site Zone) (AZ) ရှေးဟောင်းနေရာတည်ရှိရာဇုန်အဖြစ် နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးခဲ့ပြီးဖြစ်တယ်။ မိန်းမော့ကနေ ခတ်ချိုရွာကို အေဒီ ၆၉၂ မှာတည်ပါတယ်။ မင်းဆက်စော်ဘွားသူကြီး ဥက္ကဌ အုပ်ချူပ်ရေးမှူးယနေ့ထိ တိကျတဲ့သမိုင်းစဉ်ဆက် ရှိတယ်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် တရုတ်မြန်မာလေးနှစ်စစ်ပွဲ (ကောင်းတုံ) မှာ ဗလမင်းထင်နဲ့အတူ ဝိုင်းမော်လှေတပ်ငါးရွာ ခတ်ချိုလှေတပ် ၁၃ ရွာ မြန်မာနိုင်ငံကိုကာကွယ်ပေးခဲ့တဲ့ သမိုင်းခိုင်ခိုင်မာမာရှိပါတယ်။ ဝိုင်းမော်ရွာဖြစ်တုံးက ရှမ်းနီသူကြီးတွေဘဲ အုပ်ချုပ်ခဲ့ကြတာပါ။ ဝိုင်းမော်ကို ရှမ်းလို နယ်သစ်(မြို့သစ်) လို့အဓိပ္ပါယ်ဖွင့်ပါတယ်” ဟု ရှမ်းနီစာပေပညာရှင် ဆေကျော်ဦးက ပြောသည်။
လက်ရှိတွင် ယင်းဆိုင်းဘုတ်နှင့်ပတ်သက်၍ ကျားနီပါတီနှင့် ဝိုင်းမော်ရှမ်းလူငယ်များစည်းလုံးရေးအဖွဲ့၊ ရှမ်းနီလူငယ်အဖွဲ့ချုပ်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ကန့်ကွက်ထားကြောင်း သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်တွင် NLD၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လော်ဝေါ်အမျိုးသားစည်းရုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။