ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေများစာရင်းတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ကိုဗစ်ဖြစ်ပွားမှုများမရှိသည့် နောင်ချိုမြို့နယ်ရှိ ဆိပ်ဖူးကျေးရွာအုပ်စုအံ့အားသင့်ဖွယ် ထည့်သွင်းထားမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာအုပ်စုသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်တည်ရှိခြင်းဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပခြင်းသည် တောခိုခိုင်းသည့်သဘောသက်ရောက်သည်ဟု ဒေသခံများက ယူဆလျက်ရှိကြောင်း ဆိပ်ဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလှမောင်က ပြောသည်။
“ကျွန်တော်တို့က ဒီမဲထည့်ဖို့ပဲဆန္ဒရှိတယ်။မဲထည့်ခွင့် မပေးဘူးဆိုရင် မဲစာရင်းရှင်တွေ တောပဲဝင်မယ်ဆိုအကြမ်းပဲဖြစ်မှာပေါ့။ ကောင်းလာမယ့်ပုံစံတော့ မရှိလောက်ဘူး ပိုဆိုးလာဖို့ပဲရှိမှာပေါ့။ ကျွန်တော်တို့မှာ ဘာအပြစ်ရှိလဲ တိုက်ပွဲဖြစ်တာလား။ ဝန်ထမ်းတွေနဲ့ပြဿနာရှိတာလား။ တစ်ခုမှမရှိဘူး။ ကိုဗစ်ပိုးတွေ့လူနာတောင်တစ်ယောက်မှမရှိဘူး အေးအေးချမ်းချမ်းနေကြတာပဲ” ဟု ဦးစံလှမောင်ကပြောသည်။
ဆိပ်ဖူးကျေးရွာအုပ်စုသည် ကျေးရွာအုပ်စု ခုနစ်အုပ်စုရှိပြီး နောင်ချိုမြို့နယ်နှင့် ၁၅ မိုင်ဝန်းကျင်လောက်သာဝေးသည့် ကျေးရွာအုပ်စု ဖြစ်ပြီးသဘာ၀ရေပးစမ်းများ၊ ရိုးရာဆေးရည်စိမ်သည့် အလေ့အထများကြောင့် လူသွားလူလာများသောနေရာဖြစ်သည်။
ရွေးကောက်ပွဲအတွက် ပါတီစုံ ဝင်ရောက်မဲဆွယ်စည်းရုံးခဲ့သည့်နေရာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာမရှိ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်းပြီးခဲ့သည့် အောင်တိုဘာ ၁၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဆိုပါကျေးရွာကို ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့်အပေါ်နားမလည်ကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးကပြောသည်။
“တစ်ခြားနေရာတွေထက်စာရင် ကျွန်တော်တို့နောင်ချိုမှာ UEC ကနေပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုလုပ်ရဘူးဆိုတာတဲ့ ကျေးရွာအုပ်စုက တကယ်တမ်းပြောရရင် မြေပြင်အချက်အလက်နဲ့ သူတို့ထင်မြင်ထားတာနဲ့ ကွာဟပါတယ်။ နိုင်ငံသားတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးခြင်းခံရတာပါ ငါးနှစ်မှတစ်ကြိမ်ကျင်းပတဲ့ ရွေးကောက်ကာလမှာ သူတို့စိတ်နှလုံးသားနဲ့ သူတို့ရဲ့ယုံကြည်ရတဲ့ သူကိုရွေးချယ်ပိုင်ခွင့် အာဏာတွေကို မတရားနိုင်ထက်စီးနင်းလုပ်ခံရတယ်လို့ပဲမြင် ပါတယ်” ဟု ဦးအောင်ကျော်မိုးကပြောသည် ။
ထို့ကြောင့် UEC အနေဖြင့်ဆိပ်ဖူးကျေးရွာ အုပ်စုတစ်စုလုံး မဲပေးနိုင်ရေးအတွက်ပြန်လည် သုံးသပ်စေချင်ကြောင်း ဒေသခံများကပြောသည်။
ထိုသို့ ရှမ်းပြည်နယ်အတွင်း ဒေသတစ်ချို့တွင် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့်အပေါ် ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။
“၂၀၁၅ တုန်းကလဲ ကန့်သတ်ဧရိယာတွေ ရှိခဲ့ပါတယ်။ ကျေးသီး၊ မိုင်းရှူး မပါပါဘူး။ ကြားဖြတ်အနေနဲ့ တည်ငြိမ်သွားမှပဲ ကျင်းပပေးတာရှိပါတယ်။ တည်ငြိမ်သွားတဲ့အခါ ကြားဖြတ်လုပ်လို့ရတာပဲလေ။ နောက်ပြီးအစိုးရက မကျင်းပခိုင်းတာမဟုတ်ဘူးလေ။ ကော်မရှင်အနေနဲ့ လွတ်လွတ်လပ်လပ်သွားတာကို ကော်မရှင်ရဲ့သဘောထားဖြစ်တယ် ” ဟု ဝန်ကြီးဦးစိုးညွန့်လွင်ကပြောသည်။
ရှမ်းပြည်နယ်တွင် မီဒီယာများတွေ့ဆုံပွဲကိုအောက်တိုဘာ ၁၉ ရက်ကပြုလုပ်ရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏အောက်တိုဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ ရှမ်းပြည်တွင် ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခြင်းမရှိသည့်မြို့နယ် ခြောက်မြို့နယ်ရှိပြီး ၎င်းတို့မှာ မိုင်းလားမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်တို့ဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ မက်မန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ် ကုန်ကြမ်းမြို့နယ်နှင့် ဟိုပန်မြို့နယ် စုစုပေါင်း ၁၇ မြို့နယ်မှ ရပ်ကွက်ရှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။