"ရွေးကောက်ပွဲ ဖြစ်နိုင်ခြေရှိမရှိဆိုတာ ကျွန်တော်တို့ တွေ့ဆုံတဲ့အခါတိုင်း မေးမြန်းခဲ့တယ်.. အဲဒီတုန်းကတော့ သူတို့ကတော့ တစ်နိုင်ငံလုံးကျင်းပမယ်၊ရခိုင်ပြည်နယ်ရွေးကော် ဆိုရင်သူတို့ဟာ မဲရုံဘယ်လောက်အထိ စီစဉ်ထားတယ်၊ ဒါမျိုးတွေ ကျွန်တော်တို့ ကြားခဲ့ရတာ”

"ရွေးကောက်ပွဲ ဖြစ်နိုင်ခြေရှိမရှိဆိုတာ ကျွန်တော်တို့ တွေ့ဆုံတဲ့အခါတိုင်း မေးမြန်းခဲ့တယ်.. အဲဒီတုန်းကတော့ သူတို့ကတော့ တစ်နိုင်ငံလုံးကျင်းပမယ်၊ရခိုင်ပြည်နယ်ရွေးကော် ဆိုရင်သူတို့ဟာ မဲရုံဘယ်လောက်အထိ စီစဉ်ထားတယ်၊ ဒါမျိုးတွေ ကျွန်တော်တို့ ကြားခဲ့ရတာ”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့်အင်တာဗျူး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများက တိုင်းရင်းသားများအတွက် တရားမျှတမှုမရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများပြုလုပ်လာခဲ့သည်။

UEC ၏ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းများရှိ နယ်မြေအချို့တို့တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသောကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပမည့်နယ်မြေများကို ကန့်သတ်လိုက်သည့်အတွက် လက်ရှိအစိုးရဖြစ်နေသော NLD ပါတီအတွက် အားသာမှုကို ဖြစ်စေပြီး တိုင်းရင်းသားပါတီများအတွက် ရွေးကောက်ပွဲအောင်နိုင်ရန် အခွင့်အရေးအလွန်နည်းသွားကြောင်း သုံးသပ်မှုတွေလည်း ရှိလာခဲ့သည်။

UEC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်သည့် ဦးမျိုးကျော်ကို ယခုလို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - UEC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်မြေတော်တော်မျာများမှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးဆိုတာ တွေ့ရတယ်။ တစ်ချို့ပြောနေကြတာကလည်း အဲဒီနယ်မြေတွေက ရွေးကောက်ပွဲ ကျင်းပလို့ရရက်သားနဲ့ UEC မကျင်းပဘူးဆိုပြီးတော့ ပြောကြတာရှိတယ်။ အဲဒီအပေါ်မှာ ဆရာတို့အမြင်က ဘယ်လိုရှိသလဲ။

ဦးမျိုးကျော် - အဲလိုတော့ မဟုတ်ပါဘူးဗျား။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် အတော်များများကတော့ ကျွန်တော်တို့ စစ်ပွဲတွေရှိတယ် စစ်ဘေးရှောင်တွေရှိတယ်။ ဒေသမတည်ငြိမ်ဘူး။ ဒါတော့ တကယ့်အမှန်တရားပါ။ ဒါပေမယ့် အကုန်လုံးကိုတော့ ဆိုလိုတာ မဟုတ်ဘူးပေါ့လေဗျာနော။ အဲလိုမျိုး ကျွန်တော်ပြောချင်တယ်။ ဒါပေမယ့် အခု UEC ရဲ့ ထုတ်ပြန်ချက်ထဲမှာ သူတို့ရဲ့ စာရင်းဇယားတွေ Data တွေ ဘယ်လိုယူတာလဲတော့ ကျွန်တော်မသိဘူး။ နောက်တစ်ခါ လုံခြုံရေးအရ ကော်မရှင်ရဲ့ လုပ်ထုံး လုပ်နည်းမှာတော့ နယ်မြေဒေသတစ်ခုက မတည်ငြိမ်ဘူး မအေးချမ်းဘူး လုံခြုံရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေက သူတို့ကို ထောက်ခံချက်မပေးဘူးဆိုရင်တော့ အဲဒီနေရာတွေ ရွေးကောက်ပွဲ မကျင်းပဘူးဆိုတဲ့ဟာမျိုးလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် အဲဒီမှာ ထူးထူးဆန်းဆန်းဖြစ်နေတာက စစ်တွေခရိုင် ထဲမှာ ရှိတဲ့ ပေါက်တောမြို့ဟာ ကျနော်တို့ဒေသမှာ ပဋိပက္ခတွေလည်း ဘာမှမရှိဘူး။ တိုက်ပွဲ တွေ ဘာတွေ ညာတွေလည်း ဘာမှမရှိဘူး။ ကျနော်တို့ သိသလောက် ဒါပေမယ့် အဲဒီမြို့ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ထဲမှာ မပါဘူးဗျား။ ပယ်ဖျက်လိုက်တဲ့ အထဲထဲမှာပါတယ်။ ဒါလေးတစ်ချက်၊ မီဒီယာတွေမှာလည်း အတော်လည်း နာမည်ရှိပါတယ်။ ရခိုင်ဒေသနဲ့ ပလက်၀ ဆိုတာ တွဲနေတာပဲဗျာ။ အင်တာနက်တွေ လည်း ဖြတ်တောက်ထားတယ်။ နောက်တိုက်ပွဲတွေလည်း ခဏခဏဖြစ်တယ်။ တစ်ချို့ ကျေးရွာတွေလည်း ရွာလုံးကျွတ်စစ်ဘေးရှောင်စခန်းတွေမှာ သွားနေကြတာတို့ ဘာတို့ရှိတယ်။ ဒါပေမယ့် အဲဒီပလက်ဝကျတော့ လည်း ကျင်းပမယ်ဆိုတဲ့အထဲမှာ မကျင်းပဘူးလို့ ဖယ် ထုတ်တဲ့အထဲမှာ မပါဘူးဗျား။ တနည်းအားဖြင့်ပြောရင် ပလက်ဝမှာလည်း ရွေးကောက်ပွဲကျင်းပလို့ရတယ်။ ဒီဖက်မှာ သူနဲ့ဆက်စပ်လျက်ရှိနေတဲ့ မြို့နယ်တွေမှာတော့ ကျင်းပလို့မရဘူး။ လုံးဝတိုက်ပွဲမရှိတဲ့ ပေါက်တောမြို့နယ်မှာလည်း ကျင်းပလို့မရဘူးဆိုတဲ့ဟာ ဒီဟာတော့ တစ်ခုခုပေါ့နော်။ ကျွန်တော်တို့ နားမလည်ဘူး။ ဒီအတွက် ဒီဟာကိုလည်း ကျွန်တော်တို့ကတော့ သိချင်တယ်ပေါ့ဗျား။ UEC အနေနဲ့လည်း ဒီကိစ္စတွေကို ပြန်လည်သုံးသပ်ဖို့လို လိမ့်မယ်လို့ထင်တယ်။ လုံခြုံရေး တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေဆိုလည်း ဒါတွေကိုတော့ တိတိကျကျမေးပြီးတော့ ပြန်ပြီးတော့ သုံးသပ်သင့်တယ်။

မေး - UEC ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး UEC ကို တစ်စုံတစ်ရာ မေးမြန်းသွားဖို့ရှိသလား။

ဦးမျိုးကျော် - ကျွန်တော်တို့ကတော့ အဲလိုတော့ မေးမြန်းဖို့အတွက် အခုအစီအစဉ်မရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီကိစ္စမဖြစ်ခင်ကတည်းက ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ရော ပြည်နယ်ကော် မရှင် တွေနဲ့ တွေ့တဲ့အခါ ဒီဟာတွေကတော့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေရှိမရှိဆိုတာ ကျွန်တော်တို့ကတော့ တွေ့ဆုံတဲ့အခါလည်း မေးမြန်းခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်တို့ကိုလည်းကောင်း ကျွန်တော်တို့ရဲ့မဟာ မိတ် ပါတီတွေကသော်လည်းကောင်း၊ ညီအစ်ကို ပါတီကသော်လည်း အဲလိုမေးမြန်းတာတွေ ကျွန်တော်တို့ အများကြီးကြုံခဲ့တယ်။ အဲဒီတုန်းကတော့ သူတို့ကတော့ တစ်နိုင်ငံလုံးကျင်းပမယ်။ရခိုင်ရွေးကော်ဆိုရင်သူတို့ဟာ မဲရုံဘယ်လောက်အထိ စီစဉ်ထားတယ်။ ဒါမျိုးတွေကျွန်တော်တို့ ကြားခဲ့ရတာပေါ့။ ဒါပေမယ့် အခုတကယ် ကြေညာလာတဲ့အခါမှာ သူတို့ကြေညာ လာတဲ့ အခါမှာ စောစောကလိုပေါ့၊ကျွန်တော်တို့ မှန်းဆချက်နဲ့ လွဲနေတဲ့ဟာမျိုးတွေ ဒါမျိုးတွေလည်း တွေ့ရတယ်။ ဒီဟာတွေကတော့ ဒီဒေသမှာရှိတဲ့ ပြည်သူ့ သူတို့ကို ကိုယ်စားပြုမယ့် မဲပေးနိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့တော့ လွဲနေတယ်ပေါ့။ ပြည်သူတွေရဲ့ အခွင့်အလမ်းဟာ ဆုံးရှုံးတယ်ပေါ့။ ဒါမျိုးကတော့ အမှားအယွင်းမဖြစ်သင့်ဘူးလို့ ကျနော်တို့ ကတော့ ထင်တယ်။ မှားယွင်းတယ်ဆိုရင်လည်း ပြင်သင့်တယ်ပေါ့နော်။

မေး - တိုက်ပွဲမရှိတဲ့ ပေါက်တောမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ရွေး ကောက် ပွဲ မကျင်းပတော့ဘူးဆိုရင် ရခိုင်ပါတီနဲ့ ရခိုင်ပြည်သူတွေ အနေနဲ့ တစ်စုံတစ်ရာ နစ်နာ ဆုံးရှုံးမှု ရှိလာနိုင်လား။ ဘယ်လိုနစ်နာဆုံးရှုံးမှုတွေ ရှိလာနိုင်သလဲ။

ဦးမျိုးကျော် - ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက အမျိုးစုကတော့ မြောက်ပိုင်း ဆယ်မြို့နယ်မှာ အတော်လေး လူဦးရေ ထူထပ်တယ်။ များလည်းများပါတယ်။ ဒီမှာ အများစုက ရွေးကောက်ပွဲ မကျင်းပဘူး ဆိုတဲ့အခါ ဒီဒေသမှာ ပြည်သူကိုယ်စားပြုမှု မရှိတဲ့အတွက်မှာ ရွေးကောက်ပွဲ အလွန်ဖြစ်လာတဲ့ အခါ ပြည်နယ် အစိုးရဖွဲ့ လာတဲ့ အခါသော်လည်းကောင်း လွှတ်တော်ဖွဲ့စည်းလာတဲ့ အခါသော်လည်းကောင်း ဒီလွှတ်တော်နဲ့ ဒီအစိုးရကတော့ တစ်ဖက်စောင်းနင်းဖြစ်ပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုမှု ဆိုတဲ့ဟာမှာ မပြည့်စုံဘူးပေါ့ဗျား။ ဒါမျိုးတွေ ကျွန်တော်တို့ကတော့ ကြိုပြီးတော့ မျှော်ကြည့်တယ်ပေါ့နော။ ဆိုတော့ ဘာပဲဖြစ်ဖြစ် အဲဒီအတွက်မှာ ဒီဒေသဖွံ့ဖြိုးရေး လုပ်တဲ့ အခါမှာသော်လည်းကောင်း ဒေသတည်ငြိမ်အေးချမ်း ရေး လုပ်တဲ့အခါမှာသော်လည်းကောင်း အတော်များများက ဒါကျွန်တော်တို့ အခက်အခဲ တွေ့ကြုံရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ နိုင်ငံတွေမှာနေပြီးတော့ သူတို့ရဲ့ အရေးအရာ ပြည်သူတွေရဲ့ အရေးအရာကို ဆောင်ရွက်ဖို့အတွက် ပြည်သူ့ကိုယ်စားလှယ် တစ်နည်းအားဖြင့် ပြောရင် လွှတ်တော် ကိုယ်စားလှယ်ကနေ ပြည်သူတွေ ကိုယ်စားလုပ်ပေးရမှာကိုး ဒီအခွင့်အရေးကို အဲဒီပြည်သူတွေမရဘူးဆိုရင် အဲဒီဒေသကပြည်သူတွေ အတွက်တော့ ကျွန်တော်တို့ကတော့ စိုးရိမ်မှုတွေရှိပါတယ်။

မေး - UEC က ရွေးကောက်ပွဲ မလုပ်ဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ် တော်တော်များများက အရင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပါတီတွေပဲ နိုင်တဲ့ နေရာတွေဖြစ်ပြီးတော့ NLD ပါတီက အနိုင်မရခဲ့တဲ့ နေရာတွေဖြစ်နေတာကိုတွေ့ရတယ်။ အဲဒီအပေါ်မှာ UEC ကနေ NLD ပါတီ အနိုင်မရတဲ့ နေရာတွေကို အဲလိုလုပ်တယ်ဆိုပြီးပြောဆိုမှုတွေ ရှိတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

ဦးမျိုးကျော် - ဒါကလည်း ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်ပေါ့ဗျား။ဘာဖြစ်လို့လဲဆိုတော့ အခုက ရွေးကောက် ပွဲ မကျင်းပဘူးဆိုတဲ့ဟာက ကျွန်တော်တို့ ရခိုင်ပြည်နယ် တစ်ခုတည်း မဟုတ်ဘူးလေ ရှမ်းပြည်နယ်မှာရော၊ ကချင်မှာရော၊ကရင်မှာရော ဒါမျိုးတွေဖြစ်နေကြတာကိုး ဒီတော့ ဖြစ်တယ်ဆိုတဲ့ တစ်ချို့နေရာတွေကတော့ ရှမ်းပြည်နယ်မှာလည်း သူတို့မှာ အေးအေးချမ်းချမ်းရှိတယ်။ လုံခြုံရေးလည်းကောင်းတယ်။ ဒါပေမယ့် ဒီနေရာ တွေကိုကျတော့ သူတို့ပယ်လိုက်တယ်ဆိုတဲ့အခါ ဒါဟာသူတို့လည်း အမြင်မရှင်းဘူး။ ဘာပဲဖြစ်ဖြစ် ပြောစရာရှိရင်တော့ ဒီ UEC ဆိုတာကလည်း ယခုရှိနေတဲ့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းဖြစ်နေ တာကိုး။ ကျနော်တို့လိုချင်တာကတော့ ဒီရွေးကောက်ပွဲ ကော်မရှင်မျိုးလို တစ်ခြားကော် မရှင်တွေလည်း ဒီအတိုင်းပဲ လွတ်လပ်ပြီးတော့ သူ့ဟာသူလွတ်လွတ်လပ်လပ် စီစဉ် နိုင်တဲ့ အာဏာရှိတဲ့ အဖွဲ့အစည်း ဖြစ်ရ မယ်လေ။ ဒါမှလည်းလွတ်လတ် လပ်လပ်ဖြစ်မှသာ သူတို့ရဲ့ စီမံမှု သူတို့ရဲ့ အဆုံးအဖြတ် တွေဟာမျှတ မှာပေါ့နော။ မလွတ်လပ်ဘူးဆိုတော့ ဘယ်မျှတတော့မလဲ။ ဒါလည်း ကျွန်တော်တို့ စဉ်းစားတယ်။ နောက်တစ်ခု က အခုပြောနေကြတာကတော့ အခုရခိုင်ဖက်မှာလည်း တော်တော်လေး သတင်းမီဒီယာတွေက မေးကြတာ ပေါ့။ ကျွန်တော်တို့ဆီမှာတော့ အထူးသဖြင့်စစ်ပွဲတွေရှိတယ်။ အဲဒီဖက်မှာ မလုံခြုံဘူးပေါ့နော်။ ဒီဟာတစ်ပိုင်းကို ပြောတယ်။ နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံအပါအဝင် ကမ္ဘာကြီးဟာ အခုကိုဗစ်နဲ့ ပတ် သက်လို့ ပြဿနာတွေ အများကြီးဖြစ်နေတယ်ဗျား။ လူအသေအပျောက်လည်း အင်မတန်များပါတယ်။ ကမ္ဘာမှာရော အာရှိနိုင်ငံ ဒီအတိုင်းပဲ အတော် လေးများတယ်။ တနည်းအားဖြင့်ပြောရင် ကျန်းမာရေးဆိုင်ရာ လုံခြုံရေးပေါ့နော ဒါကလည်း လူသား လုံခြုံရေးနဲ့ အများကြီးဆိုင်တယ်။ ဒီတော့ အဲလိုမျိုးဖြစ်နေတဲ့ အချိန် မျိုးမှာ ရန်ကုန်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ရောဂါကူးစက်နှုန်း ရောဂါရှိတဲ့ ဟာလည်းအများဆုံး သေနှုန်းလည်း အများဆုံးပါ တော်တော်လေး ကြောက်ခမန်းလိလိ သေကြတာပေါ့ဗျား။ တစ်နေ့တစ်နေ့ကို နှစ်ဆယ်သုံး ဆယ် လေးဆယ် အဲလိုမျိုး သေဆုံးတာတွေလည်းရှိတယ်။ကျွန်တော်တို့တွေလည်း အပြင်မထွက်ရဘူး။ အကုန် လုံး ကန့်သတ်ထားတဲ့ အနေအထားမျိုး ဒါပေမယ့် ရွေးကောက်ပွဲ ကျင်ပဖို့ မကျင်းပဖို့ ကြေညာတဲ့ အထဲမှာ ဒီလို နေရာမျိုးတွေကျ တော့လည်း မပါပြန်ဘူးဗျား။ ဒါလည်း ကျွန်တော်တို့ကတော့ မေးခွန်းအနေနဲ့ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မေးချင်တယ်။ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေပဲ ဒီရွာအတွက် ပြည်သူ တွေအတွက် စိုးရိမ်စရာ တစ်နည်းအားဖြင့် ပြောရင် ဒီရွေးကောက်ပွဲအတွက် အဟန့်အတား ဖြစ်တယ် ဆိုတဲ့ ဟာမျိုးလို့ သတ်မှတ်ပြီး တော့ အခုလိုနေပြီးတော့ ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ပြည်သူတွေအတွက်ကကော ဒီရွေးကောက်ပွဲ ကျင်းပဖို့အတွက် အဟန့်အတား အနှောက်အယှက်မဖြစ်နိုင်ဘူးလား။ ဒီရောဂါကြီးကို သူတို့ကာကွယ် ထိန်း သိမ်းပေးနိုင်တဲ့ အစီအစဉ်တွေ ရှိပြီလား။ဆိုတဲ့ဟာမျိုးပေါ့နော။ ဒါလည်းကျနော်တို့က ဆက်စပ်ပြီးတော့ မေးရမယ်လို့ ထင်တယ်။ ကျနော်တို့ အဲဒါတွေကိုလည်း UEC အနေနဲ့ မျှတဖို့ဆိုရင် လွတ် လပ်တဲ့ မျှတတဲ့ အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် ဒါတွေကို ဖြေရှင်းပေးဖို့လိုမယ်လို့ ပြောချင်တယ်။

မေး - ဒီလိုအနေအထားမျိုးမှာ ၂၀၂၀ ရွေးကောက်ပွဲက မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ မလား။ ဘယ်လိုထင်လဲ။

ဦးမျိုးကျော် - အခုလို ရွေးကောက်ပွဲနယ်မြေကို ကန့်သတ်ပစ်လိုက်တာ ကိုယ်တိုင်က ကျွန်တော်တို့ ပြည်သူ တွေ အနေနဲ့ ဆိုရင် ပြည်သူ့ကိုယ်စားပြောရမယ်ဆိုရင်တော့ ဒီလိုကန့်သတ်ပစ်လိုက်တာ ကိုယ်တိုင်က မမျှတဘူး ဆိုတဲ့ ဟာတော့ ကျွန်တော်တို့ အဲလိုခံစားရတယ်။

မေး - ဘာများဖြည့် စွတ်ပြောစရာများရှိသေးသလဲ။

ဦးမျိုးကျော် - လူသားတွေရဲ့ လုံခြုံဖို့ဆိုတာဟာ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူပြည်သားတွေဟာ အကုန် လုံး ဒီပြည်ထောင်စုသားတွေပါ အဲဒီအထဲမှာ ဆိုလို့ရှိရင် ရခိုင်ရယ်၊ ချင်းရယ်၊ ဗမာရယ်၊ ရှမ်းရယ်၊ ကယားရယ်၊ မဟုတ်ပါဘူး။ အကုန်လုံးဟာ ကျွန်တော်တို့ ပြည်ထောင်စုသားပါ။ဒီဖက်မှာ ကြည့်မယ်ဆိုရင် ပြည်ထောင်စု အမြင်နဲ့ ကြည့်ဖို့လိုတယ်။ ပြည်ထောင်စုသားဆိုတဲ့ဟာမျိုးနဲ့ ကျနော်တို့ နှလုံးပိုက်မှသာ စဉ်းစား ဆုံးဖြတ်တဲ့ အခါမှာ မှန်ကန်သော ဆုံးဖြတ်ချက်ရပါလိမ့်မယ်။ အဲလိုမဟုတ်ပဲနဲ့ အဖွဲ့အစည်းတစ်ခု ပါတီတစ်ခု လူမျိုး တစ်မျိုး ဒါမျိုးဘက်လိုက်မှုဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ က တော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအရေးကို ချီတက်လာတာ နှစ်ပေါင်း ၃၀ ကျော်လာပါပြီ။ကျွန်တော်တို့ ရှစ်လေး လုံးအရေးအခင်းကနေပြီး ပြည်သူတွေအတွက် ပေးဆပ်ခဲ့ကြတဲ့ဟာတွေ အများကြီးပါ။ နိုင်ငံမှာ ဒီနေ့ရှိနေတဲ့ အစိုးရဟာလည်း အဲဒီကတည်းကနေပြီးတော့ ရှစ်လေးလုံးကနေပြီးတော့ စပြီးတည်လာတဲ့ အစိုးရအဖွဲ့အ စည်းဖြစ်တယ်။ အဲဒီတော့ အဲဒီကတည်းက ပြည်သူတွေလိုလားတဲ့ ပြည်သူတွေ မျှော်မှန်းခဲ့တဲ့ ကျနော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးပေါ့ဗျား ဒီအပေါ်မှာတော့ သစ္စာရှိစေချင်တယ်လို့ပဲ ပြောချင်ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...