ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ဥက္ကဌ ဦးကျော်မြင့် အဖမ်းခံရသော်လည်း ပါတီကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းအပေါ် အဟန့်အတားမရှိသည့်အပြင် ပါတီဝင်အင်အားပင်တိုးလာကြောင်း ချင်းပြည်နယ် ပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကပြောသည်။
“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အပေါ် ရိုက်ခတ်တာ အဟန့်အတားတွေမရှိပါဘူး။ သူ့တစ်ဦးတစ်ယောက်ရဲ့ ကိစ္စတွေပဲဖြစ်တော့ ပါတီကိစ္စမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အဟန့်အတားတာတွေမျိုးမရှိပါဘူး။ သူ့ကိစ္စကိုတော့ ပါတီဥက္ကကပဲ ဖြေရှင်းပါလိမ့်မယ်၊ ကျနော်တို့ပါတီကိစ္စက အများပိုင်ပါတီဖြစ်နေတဲ့အတွက် ကိုယ့်ရပ်ကွက် ကိုယ့်ဒေသမှာ ကြိုးစားနေကြတဲ့အတွက်ကြောင့် အဟန့်အတားမရှိပဲနဲ့ ပိုတောင်မှ နိုင်ငံရေးစိတ်တက်ကြွပြီးတော့မှ ပါတီအင်အား တိုးလာတာပဲရှိတယ် လျော့တာမရှိဘူး” ဟု ချင်းပြည်နယ် နှင်းဆီပါတီတာ ဝန်ခံ ဦးသွမ်ခန်ကပ်ကပြောသည်။
UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။
ချင်းပြည်နယ်အမျိူးသားလွှတ်တော်အမှတ် (၁၂) မဲဆန္ဒနယ်မြေတွင် နှင်းဆီပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျဲအိုလိန်းကလည်း ပါတီဥက္ကဌအဖမ်းခံရမှုကြောင့် လွှတ်တော်ကိုယ်စားလောင်းများအပေါ် ရိုက်ခတ်မှုမရှိကြောင်း ထောက်ခံပြောကြားသည်။
“ကျနော်တို့ပါတီပိုင်းဆိုင်ရာရော၊ ကိုယ်စားလှယ်ပိုင်းမှာဘဲဖြစ်ဖြစ် ထိခိုက်တာ အဟန့်အတားဖြစ်စေတာမျိူး ဘာမှမရှိပါဘူး” ဟု ဦးကျဲအိုလိန်းကပြောသည်။
ယခုကဲ့သို့ ပါတီဥက္ကဌ အဖမ်းခံရသော်လည်း ပါတီ၏မူဝါဒအတိုင်း ကိုယ့်နည်းကိုယ့်ဟန့်ဖြင့် ပါတီစည်းရုံးရေးများ ဆက်လက်လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ် UDP ပါတီတာဝန်ခံကပြောသည်။
“ပါတီလုပ်ထုံးလုပ်နည်းအရ ပါတီစည်းရုံးရေးကွင်းဆင်းတာတွေပုံမှန်လုပ်နေပါတယ်။ ကျနော်တို့ဟာနဲ့ကျနော် တို့ ကိုယ့်ဟာကိုအိတ်စိုက်ပြီးတော့မှ စည်းရုံးကွင်းဆင်းတယ်။ ဥက္ကဌမရှိရင်လည်း UDP ရဲ့ မူဝါဒအတိုင်းပဲ ကိုယ့်ဒေသ ကိုယ့်နယ်မြေအတွက် ကိုယ်ကျိူးစွန့်ပြီးကွင်းဆင်းနေပါတယ်” ဟု UDP ပါတီတာဝန်ခံကပြောသည်။
နှင်းဆီပါတီသည် မြန်မာတစ်နိုင်ငံလုံးတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီပြီးရင် ဒုတိယမြောက် မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့် အနက် ၃၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။