ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် အင်တာဗျူး

ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် အင်တာဗျူး

 “အရေးကြီးဆုံးက တပ်မတော်နဲ့ အစိုးရတို့ အနေနဲ့ ရှင်းရှင်းပြောရရင် သူတို့ ရိုးသားဖို့ လိုတယ်။ NCA အပေါ်မှာ ရှင်းရှင်းလင်းလင်းနဲ့ ကျနော်တို့ ယုံကြည်ထားခဲ့သလို သူတို့ အကောင်အထည်ဖော်ဖို့လိုတယ်”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား လက်မှတ်ထိုးခဲ့သည်မှာ (၅)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်တွင်မှ နောက်ထပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၂)ဖွဲ့ထပ်တိုးကာ NCAကို လက် မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက် တိုးတက်မှု ဆုတ်ယုတ်မှုများ အပြင် NCA အပေါ် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး၏ အခင်းအကျင်းနှင့် ပတ်သက်ပြီး ကေအိုင်စီ အကြီးတန်းသတင်းထောက် စအိုင်ဆူးက ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အ တွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးအား ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အပစ်ရပ်ကာလ (၅) နှစ်ပြည့်လာခဲ့တဲ့အချိန်ထိ တိုးတက်ပြောင်းလဲမှုအနေနဲ့ ဘာတွေ တွေ့မြင်ရလဲ၊ ဆုတ်ယုတ်မှုအနေနဲ့ကော ဘာတွေ ရှိလဲ။

ဖြေ။ ။ တိုးတက်မှုအပိုင်းကတော့ ဘာမှမရှိတာထက်စာရင် ပြီးခဲ့တဲ့ Union accord (ပြည်ထောင်စု သဘော တူ ညီချက်) အစိတ်အပိုင်း (၃)မှာ ရှေ့မှာ ဘယ်လို အဆင့်လိုက်သွားမလဲဆိုတဲ့ concept (အမြင်သ ဘောထား)ကို ရသွားတာတော့ better than nothing ပေါ့။ ဆုတ်ယုတ်မှုအနေနဲ့တော့ မပြောလိုဘူး။ ရှိတဲ့ အနေအထားမှာ ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲပြန်မဖြစ်ဘူးဆိုတာကိုတော့ ဆုတ်ယုတ်မှု မရှိဘဲ နဲ့ တိုးတက်မှုကို သွားတယ်လို့ပဲ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ်က နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးတဲ့ နိုင်ငံရေးတိုက်ပွဲ အသွင်းသဏ္ဍန်ဆောင်ပါတယ်။

ကျနော်တို့ လိုအပ်တဲ့ ပန်းတိုင်ကို မဆုတ်မနစ် ဆက်သွားဖို့ ကျနော်တို့ ရည်ရွယ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ ကွန်ကရက်ကလည်း ချမှတ်ထားတယ်။ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ အခြေခံလမ်း ညွှန်ချက်တွေအရလည်း ကျနော်တို့က နောက်ဆုံး ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အမိအရ ဆုတ်ယူပြီး တော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ဆိုတာက ဒီလမ်းကြောင်းက အသင့်တော် ဆုံးဖြစ်တယ်။ ဒါပေမဲ့ ပြောလိုတာက စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ မထင်မှတ်ဘဲနဲ့ အနှောင့်အယှက်တွေ အတားအဆီးတွေ ရှိလာနိုင်တယ်။ ရှိလည်း ရှိခဲ့တယ်။ နိုင်ငံရေးအရ တိုက်ပွဲဝင်ခြင်းဟာ အထူးသဖြင့် နှစ်ပေါင်းရှည်ကြာစွာ ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခတွေကို အောက်ခြေက ကျနော်တို့ ပြည်သူ လူထုတွေ အနေနဲ့လည်း သူတို့အတွက်လည်း အခင်းအကျင်း အသစ်တစ်ခုကို ဖန်တီးပေးလိုက်နိုင်တာကြောင့် ဒီဟာတွေကလည်း ကောင်းတဲ့ဘက်က မြင်လို့ရပါတယ်။

မေး။ ။  ဒီ (၅)နှစ်တာကာလအတွင်း ဆွေးနွေးမှုတွေကနေတဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်တွေ အပေါ်မှာ အားရ ကျေနပ်မှုဘယ်လောက်ရှိလဲ။

ဖြေ။ ။ ကျေနပ်မှုဆိုရင် ဘယ်ကျေနပ်မလဲ။ ဒီ ၅နှစ်တာက ဒီထက်အများကြီး ရောက်ဖို့လိုတယ်လေ။ ဒါပေမဲ့ ပြန်မဆုတ်ယုတ်တာကိုပဲ ကျနော်တို့က အပေါင်းလက္ခဏာအနေနဲ့ မြင်ပါတယ်။ ရှေ့ဆက် တွန်းတွန်း တိုက် တိုက်နဲ့ ကရင်တစ်မျိုးသားလုံးနဲ့ ကျနော်တို့ ဘဝတူ တိုင်းရင်းသားတွေ ရဲ့ပံ့ပိုးမှု ပြည်သူလူထုရဲ့ စာနာမှု အကုန်လုံးကို ရယူပြီးတော့ ကျနော်တို့ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကျနော်တို့က သံဓိဌာန် ချထားပြီးသားဆိုတော့ ကျနော်တို့က ဆက်သွားမှာဖြစ်ပါတယ်။

မေး။ ။  ဒီ NCA ကို တချို့ဝေဖန်မှုရှိတာက တစ်ဖက်မှာ အပစ်ရပ်ပြီး ကျန်တစ်ဖက်မှာ စစ်ရေးအရ ထိုးစစ်ဆင်တာမျိုး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်တဲ့ ပုံစံမျိုးလို့ ရှုမြင်ဝေဖန်ကြတဲ့ အပေါ်မှာကော KNU အနေနဲ့က ဘယ်လိုရှုမြင်သလဲ။

ဖြေ ။ ။  ဒီဝေဖန်မှုက မမှားပါဘူး။ အဲ့ဒါကလည်း အစိုးရ၊ တပ်မတော်အနေနဲ့ ဒီအပိုင်းကို တာဝန်ယူရမယ့် အပိုင်းဖြစ်ပါတယ်။ ကျနော်တို့ အပိုင်းကတော့ NCA ကို လက်မှတ်ရေးထိုးတဲ့အတွက်ကြောင့် ကျနော်တို့ ယုံယုံ ကြည်ကြည်နဲ့ ကျနော်တို့ ယုံကြည်သလို ကျနော်တို့ သံဓိဌာန်ချသလို သူတို့ကို ကျနော်တို့ ရိုးရိုး သားသားပဲ ယုံကြည်တယ်။ ဒါပေမဲ့ တကယ်တမ်း NCA ကို အကောင်အထည်ဖော်လိုက်တဲ့ အခါကျ တော့ တောင်ပိုင်းတစ်မျိုး မြောက်ပိုင်း တစ်မျိုးလုပ်လားတဲ့ ကိစ္စတွေကတော့ ဒါဟာသူတို့ရဲ့ NCA အပေါ်မှာ ဘယ်လောက်ထိ Commitment ရှိတယ်ဆိုတာကို တစ်ကမ္ဘာလုံးကို ပြသခြင်းပဲ ဖြစ်ပါတယ်။

သူတို့လုပ်တဲ့ ဒီလို ပေါ်လစီ အမှားတွေကိုတော့ သူတို့ ပြန်သုံးသပ်သင့်တယ်။ ပြန်ပြင်ဆင်သင့်တယ်။ NCA အရက လက်မှတ်ထိုးတဲ့အတွက်ပဲ လိုက်နာဖို့လိုမယ်၊ လက်မှတ်မထိုးတဲ့အတွက် လိုက်နာစရာ မလိုဘူး ဆိုတာကတော့ အစိုးရ၊ တပ်မတော် အနေနဲ့က Ethic အရက ဒါက နည်းလမ်းမကျဘူးလို့ မြင်တယ်။ အစိုးရ တရပ်က ပေါ်လစီ တစ်ခုပဲ ထားသင့်ပါတယ်။ လက်မှတ်ထိုးတဲ့သူကို တစ်မျိုး မထိုးတဲ့ သူကိုတမျိုး ဆိုတာမျိုးမဟုတ်ဘဲနဲ့ တကယ် အမျှော်အမြင်ရှိတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အစိုးရနဲ့ တပ်မတော်အနေနဲ့ကတော့ ရေရှည်ကို မျှော်ရည်ပြီးတော့ သန်း (၅၀)သော ပြည်သူတွေရဲ့ နေ့ဓဒူဝ ဘဝတွေကို စာနာပြီးတော့ ဒီလို မှားယွင်းတဲ့ မူဝါဒတွေကို ပြန်ပြင်ဆင်သင့်တယ်လို့ပဲ ပြောလိုပါတယ်။

မေး။ ။  JMC ကလည်း အလုပ်မဖြစ်ဘူးဆို့ ပြောဆိုနေတာတွေ ရှိတဲ့အပေါ်မှာ လက်ရှိ JMCရဲ့ အားနည်းချက်က ဘာတွေ ဖြစ်မလဲ၊ ဘယ်လိုကောင်းအောင် လုပ်သင့်တယ်လို့ထင်မြင်မိလဲ။

ဖြေ။ ။  ဒါက မမှားပါဘူး။ ကျနော်ကိုယ်တိုင်လည်း JMCမှာ ပါဝင်ခဲ့ပါတယ်။ နှစ်ဖက်ကြားမှာ ယုံကြည်မှုက တအားကို မြင့်မားနေတော့ ကျနော်တို့ စဉ်းစားပြီး ဒီဇိုင်းလုပ်ချလိုက်တဲ့ဟာတွေက အဲ့ကာလ အဲ့အချိန်တွေ မှာတော့ ဟုတ်တုတ်တုတ် ဖြစ်ပေမဲ့ ဒီဘက် အစိုးရ သစ်တက်လာတဲ့ အခါကျတော့ ပေါ်လစီတွေရဲ့ အပြောင်း အလဲ တွေ ဖြစ်ပေါ်လာတဲ့ နောက်ပိုင်းမှာ JMC တွေက ပိုပြီးတော့ အထူးသဖြင့် လက်မှတ်ထိုးထားတဲ့ အဖွဲ့ အစည်းတွေအပေါ်မှာ ချုပ်ချယ်လိုတဲ့ အသွင်သဏ္ဍာန်တွေနဲ့ တပ်မတော်ရဲ့ ယန္တရားတစ်ခုအနေနဲ့ အသုံးချ လာတဲ့အခါမှာ လုံးဝမှားယွင်းသွားတယ် ဆိုတာကိုကျနော်တို့က မြင်တယ်။ မြင်တဲ့အတိုင်းပဲ ကျနော်တို့က ပွင့်ပွင့်လင်းလင်းလည်း သူတို့ကိုပြောခဲ့ပါတယ်။ JMC က အလုပ်မဖြစ်နေဘူး။ JMCကို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ တောက်လျှောက် တစိုက်မက်မက် ကျနော်တို့ ပြောခဲ့တယ်။

JMC ကို အလုပ်ဖြစ်စေချင်ရင်တော့ ဘယ်မှာသွားချို့ယွင်းနေလဲဆိုရင် နှစ်ဖက်က ဒီအပစ်အခတ်ရပ်စဲ ရေးခိုင်မာဖို့ဆိုရင် ဒီ Code of Conduct တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီ Code of Conduct တွေက အရမ်းကို ကျယ်ပြန့်ပြီးတော့ မူတွေ အနေနဲ့ဘဲရှိနေတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာတော့ Do နဲ့ Don’t ဆိုတဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေ ဆောင်ရန် ရှောင်ရန် ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်းနဲ့ ထားဖို့လိုပါတယ်။ အဲ့လို ရှင်းရှင်းလင်းလင်း လုပ်နိုင်ဖို့အတွက်က ရည်ရွယ်ပြီးတော့ ကျနော်တို့က NCA အခန်း (၃) အပိုဒ် (၃)မှာဆိုရင် လက်မှတ်ထိုးပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ်တွေ တွေ့ဆုံပြီးတော့ ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲရေးခိုင်မာဖို့အတွက် လိုအပ်တဲ့လုပ်ငန်းစဉ် ရေးဆွဲတာတို့ အချိန်ဇယားရေးဆွဲ တာတို့ လုပ်မယ်ဆိုတဲ့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အထဲမှာပါတယ်။ အဲ့ဒီ ကိစ္စတွေက မဖြစ်လာပါဘူး။ တကယ်တမ်း ကျနော်တို့ လက်မှတ်ထိုးပြီး နှစ်ဖက်တပ်တွေ့ဖို့ ကိစ္စကမဖြစ်ဘဲနဲ့ JMC ကိုဘဲ ဦးတည်ပြီးသွားပြီးတော့ တကယ်တမ်း နှစ်ဖက်ကြားမှာ စောင့်ကြည့်လေ့လာဖို့ထက် အထက်အောက် ဆန်တဲ့ Institution ကြီးတစ်ခု တည်ဆောက်လိုက်တဲ့ အနေအထားက ဒါတွေကို ပြန်ပြင်ဖို့လိုအပ်တယ်။

JMC အလုပ်ဖြစ်ချင်တယ်ဆိုရင် ဒီ JMCက လူတွေက တကယ် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မယ့် တာဝန်ကိုခံမလား၊ စောင့်ကြည့်မယ့်လူတွေ တကယ်ဖြစ်ရဲ့လားဆိုတာ လူပုဂ္ဂိုလ် တွေ ပြန်ကြည့်ရမယ်။ ဒုတိယတချက်က လူပုဂ္ဂိုလ်တွေက တကယ့်ကို စောင့်ကြည့်မယ့်လူတွေ ဖြစ်ပြီး ဆိုရင်တော့ သူတို့ကို တာဝန်ပေးရမှာက ဘာတွေက ကြည့်ရမယ် သူတို့ကို ရှင်းလင်းတဲ့ တာဝန်ပေးအပ်မှု တွေ ရှိဖို့လိုတာပေါ့။ ဒီတာဝန်ပေးအပ်မှုတွေက JMC မှာပါဝင်တဲ့ သူတွေမှာရှိရမှာဖြစ်သလို နှစ်ဖက်တပ်ကြားထဲမှာလည်း ဘာကတော့ လုပ်ရမယ်၊ ဘာကတော့ လုပ်လို့မရဘူးဆိုတဲ့ ဆောင်ရန် ရှောင်ရန်တွေကို ကျနော်တို့က ရှင်းရှင်း ချပေးဖို့လိုတယ်။ ဒါတွေ ရှိလာအောင် နောက်ဆုံး ကျနော်တို့ ဆွေးနွေးချက်တွေမှာ ဒါကိုရှေ့ ဆက်ဆွေးနွေးဖို့ သဘောတူညီချက်တော့ရရှိထားပါတယ်။ ဒါပေမဲ့ အခု ကိုဗစ်ဖြစ်လာတယ် တွေ့ဆုံနိုင်တဲ့ အနေအထားလည်းမရှိလာတဲ့အခါကျတော့ ဒါတွေကတော့ နှောင့်နှေးမှုတွေ ဖြစ်သွားတာပေါ့။ ဒါတွေကို တနည်းနည်းနဲ့ အဖြေရှာသွားဖို့လိုတယ်။ အဲ့အတွက် တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွေလည်းလိုတယ်။

မေး။ ။  တချို့ ဝေဖန်မှုတွေမှာဆိုရင် ဒီ NCAက လမ်းဆုံးနေပြီး၊ နောက်ဆုံး လက်နက်ချပြီး ဥပဒေ ဘောင်ထဲ ဝင်ရမယ့် အခြေအနေဘဲ ကြုံရမယ်ဆိုပြီး ပြောဆိုဝေဖန်တဲ့အပေါ်မှာ KNU အနေနဲ့ ဒီ NCA ကို အခြေခံပြီးတော့မှာ ဆက်သွားမယ်ဆိုရင် မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ယုံကြည်ထားလာ။ တခြားနည်းလမ်းတွေ ကောရှိနိုင်သေးလား။

ဖြေ။ ။ NCA ဆိုတာက ကျနော်တို့ ယုံကြည်ထားတဲ့ မူလ လက်မှတ်ရေးထိုးထားတဲ့အတွက် တစိုက် စိုက်မတ်မတ်သွားမယ်ဆိုရင်တော့ NCA က အလုပ်ဖြစ်ပါလိမ့်မယ်။ အခုက NCAကို မူလ ကျနော်တို့ ယုံကြည်ယူဆထားတဲ့ အတိုင်းမသွားတော့ဘဲနဲ့ တစ်ဖက်က အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ သွားနေမယ့် ပုံစံရှိနေမယ်ဆိုရင်တော့ NCA ကတော့ စာရွက်တစ်ရွက် အတိုင်းဘဲ ဖြစ်ပါလိမ့်မယ်။

တခြားနည်းလမ်းရှိလား မရှိလားဆိုတာကတော့ ဒီနည်းလမ်းတွေက လူလုပ်တာပဲလေ။ လူလုပ်တဲ့ဟာဆိုတော့ အရေးကြီးဆုံးက တပ်မတော်နဲ့ အစိုးရတို့ အနေနဲ့ ရှင်းရှင်းပြောရရင် သူတို့ ရိုးသားဖို့ လိုတယ်။ NCA အပေါ် မှာ ရှင်းရှင်းလင်းလင်းနဲ့ ကျနော်တို့ ယုံကြည်ထားခဲ့သလို သူတို့ အကောင်အထည်ဖော်ဖို့လိုတယ်။ အခုက NCAကို လက်နက်တစ်ခုအနေနဲ့ ပြန်ပြီးတော့ အခုနိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အထူးသဖြင့် ပြန်ပြီးတော့ ကြပ်တည်းတဲ့ ကိစ္စတွေကတော့ နှစ်ဖက်ကြားမှာ ယုံကြည်မှုတွေကို အားနည်းမှုတွေ ဖြစ်ပေါ်စေတာပေါ့။ အထူးသဖြင့် အောက်ခြေမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေက နှစ်ဖက်ကြားမှာ သံသယကို ပိုပြီးတော့ ဖြစ်ပေါ်စေတဲ့ အချက်တွေ ဖြစ်စေတာပေါ့။ ဒါတွေက NCA ရဲ့ အားနည်းချက်တွေ မဟုတ်ဘူး။ NCA ကို အကောင်အ ထည်ဖော်တဲ့ သူတွေရဲ့ အားနည်းချက်ဖြစ်တယ်။ NCA ကို နှစ်ဖက်စလုံး လိုက်နာဖို့ကတော့ ကျနော်တို့ လက်ခံထားပြီးသား။ ဒါပေမဲ့ လိုက်နာတဲ့နေရာမှာက ကိုယ်လို သလို ဆွဲယူပြီးတော့ အာဏာရှိတဲ့သူတွေက အာဏာရှိသလို အဓိပ္ပာယ်ဖွင့်ဆိုမှု လုပ်မယ်ဆိုရင်တော့ သူတို့ ယုံကြည်သလို အမှားတွေကို ထောက်ပြမယ်။

ဒါပေမဲ့ ကျနော်တို့ကတော့ NCA ကို ရိုးရိုးသားသား ယုံကြည်တဲ့အတွက် ရိုးရိုးသားသားပဲ လက်မှတ် ထိုးပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။ တကယ်တမ်း အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော်တို့ မျှော်လင့်ထားသလို ပုံစံ မဖြစ်လာတော့ဘဲနဲ့ တကယ် အကောင်အထည်ဖော်ရမယ့်ကိစ္စကျတော့ ချောင်ထိုးခံထိတယ်။ မလိုအပ်တဲ့ အပိုင်းတွေကို တိုးချဲ့ပြီး လုပ်ကိုင်တဲ့ အပိုင်းတွေရှိလာတဲ့ အခါကျတော့ ဒါဟာ အားလုံးရဲ့ ကြားမှာ မယုံကြည်မှုတွေနဲ့ သဘောထား ကွဲလွဲမှုတွေက ရှေ့ဆက်သွားတဲ့ နေရာမှာ အခက်အခဲတော့ ရှိနေပါတယ်။ အဲ့တော့ ကျနော် အကြံပြုလိုတာကတော့ တက်လာတဲ့ ဘယ်အစိုးရ ဖြစ်ဖြစ် တပ်မတော်နဲ့ အသေအချာ ညှိပြီးတော့ NCAရဲ့ အခြေခံမူတွေနဲ့ မကွဲလွဲဘဲနဲ့ မူဝါဒတွေ ချဖို့ လိုပါတယ်လို့ အကြံပြုလိုပါ တယ်။

မေး။ ။ ကျန်ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကို နိုင်ငံရေး စားပွဲဝိုင်းကို ရောက်လာဖို့အတွက်က ဘယ်လို စိန်ခေါ်ချက်တွေ ရှိနေလဲ။ အဲ့အတွက်ကောဘယ်လို တိုက်တွန်းသွားချင်လဲ။

ဖြေ ။ ။  စိန်ခေါ်မှုကတော့ ပြောခဲ့သလိုပဲ တောင်ပိုင်းပေါ်လစီ တစ်မျိုး၊ မြောက်ပိုင်းပေါ်လစီတစ်မျိုး ဆိုတဲ့ ကိစ္စမျိုးတွေက လွန်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ခေတ်ကတည်းက မှားခဲ့တဲ့ အမှားလေ။ ကျနော်တို့ ၁၆ဖွဲ့ NCA အတွက် ဆွေးနွေးလာပြီးမှ နောက်ဆုံး လက်မှတ်ရေးထိုးရတော့မယ် အချိန်ရောက်မှပဲ ဘယ်သူကတော့ ထိုးလို့မရဘူး။ ဘယ်သူကတော့ဘယ်ကဲ့သို့ ဆိုတဲ့ဟာမျိုး ဖြစ်လာတာက ဒါပထမ မှားခဲ့တဲ့ ပေါ်လစီ။ အခုတက်မယ့် ဘယ်အစိုးရ မဆို ဒါကို ပြင်ဖို့လိုတယ်။

ဒုတိယ တစ်ချက်ကတော့ NLD အစိုးရ ထပ်တက်လာတော့ ပေါ်လစီ အမှားတစ်ခု ထပ်ဖြစ်တာက NLD အစိုးရက ဘာပြောလဲဆိုတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာ လုပ်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒါက လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် တပ်မတော် နဲ့ဘဲ ဆိုင်တဲ့ဆိုတဲ့ သဘောမျိုးဆန်တဲ့ အကောင်အထည်ဖော်မှုပုံစံ မျိုးလုပ်လာတယ်။ ဒါတွေက နောက်ဆက် တွဲ ဘာတွေ ဖြစ်လာလဲဆိုတော့ အစိုးရက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဖြစ်တဲ့ကိစ္စတွေကို သူတို့ မသိ တော့ဘူး။ သူတို့ မပါဝင်လာတဲ့အခါကျတော့ တဖက်မှာလည်း တပ်မတော်ဘက်က သူတို့ယူဆတဲ့ ယူဆချက်တွေကို အခြေခံပြီးတော့ NCA ကို အဓိပ္ပာယ်ဖွင့်ပြီးအကောင်အထည်ဖော်တဲ့ အခါကျတော့ နောက်ဆုံး သွားလိုက်ရပ်လိုက်နဲ့ နောက်ဆုံး ကျနော်တို့ အနေအထားက အဲ့လို ဖြစ်သွားတာပေါ့။

အဲ့ဒါကြောင့် နှောင်တက်မယ့် အစိုးရသစ်အနေနဲ့ ခုနက ပြောတဲ့ အမှားနှစ်ခုကိုတော့ ပြင်ဖို့ လိုတယ်။ အဲ့အမှားနှစ်ခုကို ပြင်ပြီးတော့ NCA ရဲ့ အခြေခံ မူကိုပဲ သေသေချာချာ ပြန်လေ့လာပြီးတော့ NCA ရဲ့ အခြေခံမူနဲ့ ဦးတည်ပြီးတော့ သွားနိုင်မယ်ဆိုရင် ကျနော်တို့ ဒီလက်မှတ် မထိုးရတဲ့အဖွဲ့တွေ အနေနဲ့ကတော့ သူတို့အတွက်လည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA လမ်းကြောင်းတစ်ခုထဲ ရှိရမယ်ဆိုတာက လက်မှတ်ထိုးတဲ့ သူတွေအတွက်ကတော့ မှန်လိမ့်မယ်။ လက်မှတ်မထိုးတဲ့ သူတွေ အတွက်ကတော့ တခြားလမ်းကြောင်းလည်း မရှိနိုင်ဘူးဆိုတာကလည်း Ultimately အစိုးရတို့ တပ်မတော်တို့က စဉ်းစားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ လက်မှတ်ထိုးတဲ့ လူတွေ ကြားထဲမှာတောင်မှ ကျနော်တို့ တိုးတက်မှု မပြနိုင်တဲ့ အခါကျတော့ လက်မှတ်မထိုးတဲ့သူတွေက ဒီကိစ္စကို ဘယ်လိုလုပ် ယုံကြည်မှာလဲ။ အဲ့ဒါလက်တွေ့မကျဘူး။ အဲ့တော့ လက်တွေ့ကျတဲ့ ဖြေရှင်းမှု ဆိုတာက လက်မှတ်မထိုးခြင်း ထိုးခြင်းဆိုတာက ပြဿနာတစ်ခုပဲ။

ဒါပေမဲ့ ကျနော်တို့ အဓိကဖြေရှင်းပြီး လက်ခံထားတဲ့ အရာက နိုင်ငံရေး ဆွေးနွေးပွဲပဲ။ အဲ့တော့ နိုင်ငံရေးဆွေး နွေးပွဲကို တက်ရောက်နိုင်ဖို့ဆိုရင် လက်မှတ်ထိုးခြင်းမထိုးခြင်းက Barrier (အတားအဆီး) မဖြစ်နေသင့်ဘူး။ အဲ့တော့ နိုင်ငံရေး ဆွေးနွေးပွဲကနေသာလျှင် ဒီနိုင်ငံရဲ့ အဆုံးအဖြတ်ကို သွားကြမယ်လို့ အားလုံးက ယုံကြည်ထားပြီးသား။ အဲ့အတွက် အားလုံး က ဒီလို ယုံကြည်ထားတဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ခြင်းကို ဦးတည်ပြီးတော့လက်မှတ်ထိုးတဲ့ သူတွေအတွက် သာမက မထိုးတဲ့ သူတွေ အတွက်က လမ်းကြောင်း မရှိဘူးဆိုတာက အစိုးရ ၊ တပ်မတော်ရဲ့ စေတနာမှန်ပေါ်မှာပဲ မူတည်ပါတယ်။ သံသယ တွေကတော့ နှစ်စလုံးမှာ ရှိကြမယ်။ ရှိနေတဲ့ သံသယတွေကို အခြားပုံစံ တနည်းနည်းနဲ့ဘဲ ကျနော်တို့ ဖန်တီးလို့ မရဘူးလားပေါ့။ နိုင်ငံရေးဆွေးနွေးပွဲကို တတ်နိုင်မယ့် တခြားလမ်းကြောင်းမရှိဘူးလို့ ပြောလို့မရဘူး။ ထဲထဲဝင်ဝင်နဲ့ ပေါ်လစီတွေကို ကန့်သတ်မထားဘဲနဲ့ တကယ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုကို ဦးတည်တဲ့ လုပ်ငန်းစဉ်ကို ဖော်ဆောင်မယ်ဆိုရင် ဖော်ဆောင်လို့ရပါတယ်။ အားလုံးကြားမှာ ညှိနှိုင်း တိုင်ပင်ဖို့ပဲ လိုပါတယ်။ Commitment ရှိဖို့ပဲလိုပါတယ်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...