ကရင်ပါတီများတို့ကို တခဲနက်မဲပေးရန် ‌ကေအဲန်ယူတိုက်တွန်း

ကရင်ပါတီများတို့ကို တခဲနက်မဲပေးရန် ‌ကေအဲန်ယူတိုက်တွန်း
by -
စောထွန်းလင်း (KIC)

လာမည့်ရွေးကောက်ပွဲတွင် ကရင်ပါတီများကို တခဲနက် မဲပေးရန် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက တိုက်တွန်းလိုက်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာ ၁၅ ရက်နေ့ တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၅ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်ရာတွင် ကရင် အမျိုးသား ပြည်သူလူထုများကို အထက်ပါအတိုင်း ထည့်သွင်းတိုက်တွန်း ပြောဆိုခြင်း ဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သတ်မှတ်ချက်အောက်တွင် ပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲတွင် ကရင် အမျိုးသားများနှင့် ကရင်ပါတီများကို တခဲနက် မဲပေးခြင်းဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အား ကိုယ်တိုင်ပါဝင်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရယူကြရန် တိုက်တွန်းလိုသည်” ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို ကေအဲန်ယူက ကရင်ပါတီများနှင့် ကရင်အမျိုးသားတို့ကို တခဲနက်မဲပေးရန် တိုက်တွန်းသည့်အတွက် ဝမ်းသားအားရ ကြိုဆိုကြောင်း ကရင်ပြည်သူ့ပါတီ ဒုဥက္ကဌ စောစေးဝါးက ပြောသည်။

“အခုချိန်မှာ တို့ကရင်တွေ အရင်ကထက် နိုင်ငံရေးအပိုင်းမှာနိုးကြားလာတာတွေ့ရတယ်။ ကရင်ပါတီတွေ ဆိုတာ ဘာအခွင့်အရေးမှ မရှိပဲ ကိုယ်ကရင်တွေအတွက် ရပ်တည်နေတာပါ။ ကေအဲန်ယူကို ကျေးဇူး လည်းတင်တယ်။ တို့တွေလည်း အသက်ကြီးပီး ပင်းပန်းနေပြီး လူငယ်တွေဆက်လုပ်ဖို့ တိုက်တွန်းလိုတယ်” ဟု ၎င်းကပြောသည်။

အလားတူ ကေအဲန်ယူ (ဗဟို) စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတစ်ခု ဖြစ်သည့် သူးလေနယူး (Thoolei News) ကလည်း ကရင်ပါတီများကို မဲပေးရန်နှင့် ကရင်ပါတီများ၏ လှုပ်ရှား မှုများကို ယခုရပ်ပိုင်းအတွင်း မကြာခဏ ထုတ်လွှင့်မှုရှိနေပြီးနောက် ကရင်ပါတီများကို တခဲနက်မဲပေးရန် ကေအဲန်ယူက ယခုအခါ တရားဝင် တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကရင်ဟာ ကရင်အလုပ်ကို လုပ်ရတော့မယ်။ သူများကို အားကိုးလို့ မရတော့ဘူးဆိုတာ ကျနော်ပြော ချင်ပါ တယ်” ဟု ၇၂ နှစ်ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားတွင် ကေအဲန်ယူ၊ နိုင်ငံခြားရေးဌာနတာဝန်ခံ၊ ဗဟို ကော်မတီဝင် ပဒိုစောတောနီးက ပြောခဲ့သည်။

ထို့အပြင် ကေအဲန်ယူအနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွင် ကော်ခို စောဘဦးကြီး လမ်းညွှန်မှုနှင့် ၁၆ ကြိမ်မြောက် ကွန်ဂရက်၏ လမ်းညွှန်ချက်များအတိုင်း ရပ်တည်ချက်ခိုင်မာစွာဖြင့် စုစည်းညီညွှတ်ကြလျက် နိုင်ငံ ရေးဆွေးနွေးမှုများတွင် ပါဝင်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

နှစ်ပေါင်း ၆၀ ကျော် ကရင်အမျိုးသားများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေးလုပ်ဆောင်ခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ၂၀၁၂ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြည်နယ်အဆင့် အပစ်ရပ်ခဲ့သလို ဧပြီ ၆ ရက်တွင် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုး ခဲ့သည်။

ထို့နောက် ကေအဲန်ယူအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ် ဖွဲ့တို့ အစိုးရနှင့် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို နေပြည်တော်တွင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုး ပြီးနောက် အစိုးရက ကေအဲန်ယူကို မတရားအသင်းမှ ပယ်ဖျက်ပေးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...