“ပြည်သူလူထုနဲ့ ထိတွေ့တဲ့ အချိန်မှာ ကိုယ်စားလှယ်လောင်းက အရေးကြီးတဲ့ အတွက်ကြောင့် လူကိုတော့ ကြည့်စေချင်တယ်”

“ပြည်သူလူထုနဲ့ ထိတွေ့တဲ့ အချိန်မှာ ကိုယ်စားလှယ်လောင်းက အရေးကြီးတဲ့ အတွက်ကြောင့် လူကိုတော့ ကြည့်စေချင်တယ်”
by -
ရန်လင်းအောင် (MNA)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုသန်းနိုင်နှင့် အင်တာဗျူး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီးလူးကျွန်း) ဒေသသည် အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ်(NLD)နှင့် ပြည်ထောင် စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) တို့ အားကောင်းသည့်ဒေသဖြစ်သည်။ လက်ရှိ ၂၀၂၀ ရွေး ကောက်ပွဲတွင်  အဆိုပါမြို့နယ်၌ ကိုယ်စားလှယ်လောင်း ၂၂ ဦး(တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မပါ) တို့က ယှဉ်ပြိုင်ကြမည် ဖြစ် သည်။ထိုသို့ ပါတီကြီးနှစ်ခုသာအားကောင်းသည့် ဒေသတွင် ဒေသခံတိုင်းရင်းသား ပါတီများအနေဖြင့် ရွေး ကောက်ပွဲအောင်နိုင်ရေးမည်သို့ ဆောင်ရွက်မလဲဆိုသည်မှာ စိတ်ဝင်စားစရာပင် ဖြစ်သည်။

ထို့ကြောင့် ဒေသခံပါတီများအနိုင်ရရှိရန် ခက်ခဲသည့် ချောင်းဆုံမြို့နယ်၌ ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ပြင်ဆင်ထားများ၊ မဲဆွယ်ကာလတွေ့ကြုံနေရသည့်အခက်အခဲများနှင့် ရွေးကောက်ပွဲအတွက်စိန်ခေါ်မှုများကို သိရှိစေရန် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ မွန်ညီညွှတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့်  လူငယ် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ကိုသန်းနိုင်(ခ) နိုင်စိုက်ရော့အား ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။      ။ ဘယ်လိုကြောင့် ရွေးကောက်ပွဲဝင်ဖြစ်တာလဲ။

ဖြေ။   ။ ပထမ တစ်ချက် အနေနဲ့ ကျွန်တော်တို့ မွန်ညီညွှတ်ရေး ပါတီက ပေါင်းစည်းသွားတာပေါ့နော်။ နောက်တစ်ခုက နိုင်ငံရေး အခန်းကဏ္ဍမှာ လူငယ်တွေ ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ နိုင်ငံရေး မျိုးဆက် တွေ ရှိဖို့လိုတယ် ဆိုတဲ့ ခံယူချက်နဲ့ ဒီရွေးကောက်ပွဲကို ဝင်ဖြစ်တာပေါ့နော်။

မေး။    ။ ဘာကြောင့် မွန်ညီညွှတ်ရေး ပါတီ (MUP)က နေ ဝင်ဖြစ်တာလဲ။

ဖြေ။  ။ အဓိကက MUP ပါတီက ကျွန်တော်တို့ အိမ်ရှင်ပါတီ တစ်ခုပေါ့နော်။ ကျွန်တာ်တို့ ဒီပြည်နယ်မှာ အခြေစိုက်ပြီးတော့ တိုင်းရင်းသား လူမျိုးတွေ ကိုယ့်ဒေသမှာ အခြေစိုက်တဲ့ ပါတီတစ်ခုဖြစ်တဲ့ အတွက် အဓိက ရွေးချယ်ဖြစ်တယ်။ နောက်တစ်ခုက ပါတီရဲ့ မျှော်လင့်ချက် ပန်းတိုင်ဖြစ်တဲ့ တန်းတူညီမျှရေး အတွက် ဖက်ဒရယ် ပြည်ထောင်စုပေါ့နော် တည်ဆောက်ရေး အခန်းကဏ္ဍမှာ ဒီတိုင်းရင်းသား ကဏ္ဍကအရေးကြီးတဲ့ ဆိုတဲ့ အပိုင်းပေါ့နော် အဲ့ဒီသူတို့ ချမှတ်ထားတဲ့ မူဝါဒကို သဘောကျတဲ့ အတွက်ကြောင့် ရွေးချယ်ခြင်း ဖြစ်တယ်ပေါ့။

မေး။   ။ ကိုသန်းနိုင်အနေနဲ့ ချောင်းဆုံကနေ အမျိုးသားလွှတ်တော်ဝင်ပြိုင်မှာပေါ့လေ။ ချောင်းဆုံမြို့နယ် ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ NLD၊ USDP တို့လို ပါတီကြီးတွေကလည်း အားကောင်းတဲ့ မြို့နယ်ဖြစ်တော့ လူငယ်တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ အတွက် ဘယ်လိုတွေ အခက်အခဲရှိလဲ။

ဖြေ။  ။ စိန်ခေါ်မှုကတော့ အများကြီး ကြုံရတာပေါ့။ ပထမ တစ်ခုက ကျွန်တော်တို့ ပါတီက တိုင်းရင်းသား ဒေသမှာ အခြေပြုတဲ့ ပါတီငယ်တစ်ခု ဖြစ်တယ်။ နောက်တစ်ခုက ကိုယ့်အနေနဲ့က နိုင်ငံရေးလောက နိုင်ငံရေးနယ်ပယ်မှာ ယှဉ်ပြိုင်တဲ့ အတွက်ကြောင့် ပထမဦးဆုံး အတွေ့အကြုံလို့ ပြောလို့ရတယ်ပေါ့နော်။ သေချာပြင်ဆင်ထားတာပေါ့နော်။ ကိုယ့်ဒေသအတွက်ကို ဥပမာ ကျွန်တော်တို့ ငါးနှစ်တာ ပြင်ဆင်မှုတွေ အသေအချာ မလုပ်ခဲ့ရသေးဘူး။ နောက်တစ်ခုက ကျွန်တော်က အဓိကက နိုင်ငံတကာ အဖွဲ့အစည်းမှာ လုပ်ခဲ့တဲ့ ဝန်ထမ်း တစ်ယောက်အနေနဲ့ ကိုယ့်ဒေသနဲ့ ကင်းကွာခဲ့တဲ့ အခြေအနေမျိုးလည်း ရှိခဲ့တာပေါ့။ အဲ့အခြေအနေမှာ စပြီး ဝင်တဲ့ အတွက်ကြောင့် အခက်အခဲတော့ ကြုံရတဲ့ ဟာတွေတော့ ရှိတယ်။ ကိုယ့်နယ်မြေမှာ ရှိတဲ့ ဒေသခံတွေက ကိုယ့်ကို သိရှိတာပေါ့နော်။ ကိုယ်စားလှယ်လောင်း ဖြစ်သွားပြီး ခုထိ (ဘီးလူးကျွန်း) တောင်ပိုင်းက သူတွေက မသိသေးဘူး။ ဒီကိုယ်စားလှယ်က ဘယ်သူလဲဆိုတဲ့ သတင်းအချက်အလက်က ပြည်သူထံကို ခုထိ မရောက်သေးတာမျိုး အဲလိုအခြေအနေတော့ ဒါပထမတစ်ချက်အနေနဲ့ ကြုံရတယ်ပေါ့လေ။ နောက်တစ်ချက်က ကျွန်တော်တို့ အခုမဲဆွယ်စည်းရုံးတဲ့ ကာလပေါ့နော်။ ဒီနှစ်ကလည်း ပုံမှန်နှစ်တွေလည်း မတူဘူး။ ကပ်ရောဂါ အခြေအနေကလည်း ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ သာမန်ရွေးကောက်ပွဲလိုမျိုး လူစုလူဝေးနဲ့ ဟောပြောတယ်။ တစ်ခါတည်း တစ်ချိန်တည်း မရလိုက်ဘူးပေါ့နော်။ခုဆို ကျွန်တော်တို့ အချိန်ပိုပေးရတယ်။ ပြီးရင် နေရာတွေ အပိုရှာရတယ်။ ကျွန်တော်တို့ ပြိုင်ဆိုင်မှာ ပြင်းထန်တာပေါ့နော် (ဘီးလူးကျွန်း) တစ်ကျွန်းလုံး နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ဖြစ်တော့ စိန်ခေါ်မှုက ကိုယ့်ကို မဲဆန္ဒရှင်တွေ က ပိုပြီးသိဖို့ နားလည်ဖို့က နည်းနည်း အခက်အခဲ ရှိနေတယ်။

မေး။    ။ဒီနှစ်ရွေးကောက်ပွဲကလည်း ခဏက ပြောသွားသလိုပဲ ကိုဗစ်ကြောင့် ကန့်သတ်ချက်တွေ ရှိနေတော့ အဲ့ဒီအပေါ်မှာဘာတွေအခက်အခဲရှိလဲ။ ပြီးတော့ အဲ့အပေါ်မှာမှ ဘယ်လိုတွေ မဲဆွယ်စည်းရုံးနေရလဲ။

ဖြေ။   ။ ပထမ တစ်ချက်က သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းပေါ့နော် လူအယောက် ၅၀ ပဲ စုဝေးဖို့ ဆိုတဲ့ ဟာမျိုးပေါ့နော်။ အဲ့မှာ တစ်ဦးကိုတစ်ဦး ၆ ပေ အကွာနေရမယ့် ဆိုတာတွေ ဒီဟာတွေက တကယ့် လက်တွေ့မှာ တော်တော်ကြီး ခက်ခဲတယ် ကျွန်တော်တို့ သွားတဲ့ အချိန်မှာပေါ့နော်။ နောက်တစ်ခုက လက်ခံတဲ့ နေရာပေါ့နော် သူတို့အတွက်ကလည်း ကိုဗစ်ကဘယ်လိုတွေ လာလို့ လာမှန်းမသိဘူးဆိုတော့ စိုးရိမ်မှုတွေ ရှိနေတယ်။အဲ့ဒီ စိုးရိမ်မှု အပေါ်မှာ ကိုယ်က စည်းရုံးရတဲ့ အတွက်ကြောင့် တစ်ချို့ လာတဲ့ သူတွေကို ကိုယ်က ပြန်ပြီးတော့ စိတ်ပူပေးနေရတယ်ပေါ့နော်။ အားလည်းနာတယ်ပေါ့နော် ။ ဖိတ်ခေါ်ရင်တော့ သူတို့က လာပြီးတော့ နားထောင်တယ် ဒါပေမဲ့ ပြည်သူလူထုကို ပြန်ပြီးတော့ အားနာနေရတဲ့ အခြေအနေပြန်ဖြစ်နေတယ်။ အဲလိုအခက်အခဲကြုံရတယ်။ နောက်တစ်ခုက နယ်မြေအသစ်ပေါ့နော်။ အထူးသဖြင့် မြောက်ဘက်ခြမ်းက ကိုယ့်ပါတီ အခြေစိုက်တော့ ရင်းနှီးမှုတွေ ရှိတော့ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တောင်ဘက်ခြမ်းကတော့ ကျွန်တော်တို့နဲ့ သိပ်ရင်းနှီးကျွမ်းဝင်တာ မရှိသေးဘူး။ ဆိုတော့ အဲ့ဒီက ပြည်သူတွေနဲ့ ထိတွေ့ဖို့ ချဉ်းကပ်ရတဲ့ အပိုင်းက အခက်အခဲတော့ ရှိတယ်။ ခုကတော့ စည်းရုံးရေးက နှစ်မျိုးလုပ်တယ်ပေါ့နော်။ ပထမ တစ်ခုက Online ကနေ ကိုယ်ဘယ်သူလဲဆိုတာကို လူတွေသိအောင် Information ပေးတာတွေ လုပ်တယ်။ နောက်တစ်ခုက Social Media ကနေတစ်ဆင့် Discussion လုပ်တဲ့ ဟာမျိုး မီဒီယာတွေ နဲ့ လုပ်တာရှိတယ်။ Page တွေကနေ လုပ်တာရှိတယ်။ နောက်တစ်ချက်က Home Basic လိုဟာမျိုး အိမ်ကနေ ကျွန်တော်တို့ စကားဝိုင်းပုံစံမျိုး လုပ်တာတွေရှိတယ်။ စကားဝိုင်း ပုံစံမျိုးက ကျွန်တော်တို့ နေ့စဉ်လုပ်တာပေါ့နော်။ အဲ့လိုပုံစံတွေ ခုလက်ရှိ လုပ်ဆောင်နေပါတယ်။

မေး။  ။ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ မဲပေးမယ့် မဲဆန္ဒရှင်တွေကို ဘာတွေများ ကတိကဝတ် ပေးနိုင် မလဲ။

ဖြေ။   ။ ပြည်ထောင်စု မှာ ကျတော့ ကျွန်တော်တို့ မွန်ညီညွှတ်ရေးပါတီရဲ့ နိုင်ငံရေး မျှော်မှန်းချက် အတိုင်း ဒီဖက်ဒရယ်ပြည်ထောင်စု ပေါ်လာဖို့ အတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စတွေမှာ အဓိက တိုင်းရင်းသား လူငယ်တစ်ဦးအနေနဲ့ ဦးတည် လုပ်ဆောင်သွားမယ်။ နောက်တစ်ခုက ကျွန်တော်က လူငယ်တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ဒေသမှာ ရှိတဲ့ လူငယ်တွေရဲ့ ဘဝ အာမခံချက်တွေရှိဖို့။ သူတို့နဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ ကိုယ့်ဒေသမှာ ပြန်ပြီး အကောင်အထည်ဖော်နိုင်အောင်၊ နောက်ပြီး လူငယ်တွေနဲ့ ပတ်သက်တဲ့ ပညာရေး၊ အားကစား ၊ ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်။ နောက် အလုပ်အကိုင် အခွင့်အလမ်း မျှော်မှန်းချက်ထားပြီးတော့ ဦးတည်ထားတယ်။ မဲဆွယ်တဲ့ အချိန်မှာ မျှော်မှန်းချက်ကို ရပ်တည်ချက်ကို ပြောပြတယ်ပေါ့နော်။ နောက် တတိယအချက်က လူ့အခွင့်အရေးနဲ့ ပတ်သက်တာပေါ့နော်။ ကျွန်တော်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကိုယ့်နိုင်ငံထဲမှာ လုပ်ခဲ့တာ သက်တမ်း ၁၀ နှစ် ရှိပြီး နောက် တိုင်းရင်းသားဒေသမှာ ရှိတဲ့ လူ့အခွင့်အရေး ပတ်သက်တဲ့ စောင့်ကြည့်မှု လုပ်ငန်း အဲ့မှာ ၁၀ နှစ် လုပ်ခဲ့တဲ့ အတွေ့အကြုံကြောင့် ကိုယ်စားလှယ်ဖြစ်ခဲ့ရင် ဒီ ဥပဒေ ရေးဆွဲရေး ကဏ္ဍတွေမှာ ကိုယ့်ရဲ့ ဥပဒေတွေ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီဖို့ အတွက် အစိုးအနေနဲ့ ဒီလူ့အခွင့်အရေး မှာ တာဝန်ခံမှု တာဝန်ယူမှုရှိဖို့ အတွက်ကို အဓိက ရပ်တည်ပေးသွားမယ်။ နောက်ဆုံး တစ်ချက်က ကျွန်တော် ဘီးလူးကျွန်းနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်မှုပေါ့နော် ကျွန်တော်တို့ ဒေသက ခရီးသွားနဲ့ ပတ်သက်လို့ အလားအလာကောင်းတွေ အများကြီး ရှိတယ်။ ခရီးသွားလုပ်ငန်း ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင်  သူတဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်အောင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ လုပ်ကိုင်နေတဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်ပြီး စျေးကွက်ဝင်အောင် အဓိက မျှော်မှန်းချက်ထားပြီးတော့ လုပ်ပေးဖို့ ပြည်သူလူထုကို ကတိပြုထားတာ ရှိတယ်။

မေး။    ။နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို  ဘာတွေ ဖြည့်စွတ်ပြီး ပြောချင်လဲ။

ဖြေ။    ။ အခုဆိုရင် ကျွန်တော်တို့ ဘီးလူးကျွန်းမှာ ဆိုရင် နိုင်ငံရေး ပါတီ ငါးပါတီလောက် ဝင်ပြိုင်မယ်ပေါ့နော်။ မြောက်ဘက်ခြမ်းမှာ ငါး ပါတီပေါ့။တောင်ဘက်ခြမ်းမှာ ခြောက်ပါတီလောက်ရှိတယ်။ ပါတီတွေကတော့ အကုန်လုံးဝင်လာမယ်။ မဲဆန္ဒရှင် ပြည်သူတွေ အတွက်အနေနဲ့ ကိုယ်ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်း နဲ့ ပတ်သက်တဲ့ အချက်အလက်ကို အဓိက သေချာ ရရှိစေချင်တယ်။ ကိုယ်စားလှယ်လောင်း တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ သူ့ရဲ့ လုပ်ငန်း အတွေ့အကြုံတွေ သူဘယ်လောက် လုပ်နိုင်မလဲ ဆိုတဲ့ သူ့ရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ သူလုပ်ခဲ့တဲ့ အတွေ့အကြုံပေါ့နော် အဲ့ဒီဟာတွေ အကုန်လုံးကို ပြည်သူလူထုတွေ အနေနဲ့ အရင်ဆုံး သတင်းအချက်အလက် ရအောင်လုပ်ပေါ့နော်။ သတင်းအချက်အလက် ရပြီးမှာ ကိုယ့် မြို့နယ်အတွက် ဘယ်သူက ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ ဆိုတဲ့ လူအပေါ်မှာ ကြည့်တဲ့ ရွေးချယ်မှုကို မှန်မှန်ကန်ကန် ရွေးချယ်စေချင်တယ်။ ဘာလို့လဲဆိုရင် ပြည်သူလူထုနဲ့ ထိတွေ့တဲ့ အချိန်မှာ ကိုယ်စားလှယ်လောင်းက အရေးကြီးတဲ့ အတွက်ကြောင့် လူကိုတော့ ကြည့်စေချင်တယ် ။ ရွေးကောက်ပွဲ ကာလမှာ ကပ်ရောဂါရှိတဲ့ အခြေအနေက ဒါကလည်း တစ်ကြောင်းပေါ့နော်။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်တွေကို ကပ်ရောဂါ ကာလမှာ သတိရှိရှိနဲ့ ပေါ့နော် ကိုယ့်ကို ဂရုစိုက်ရင်းနဲ့ အခုရွေးကောက်ပွဲမှာ မဲထည့်ပေးဖို့ ပြည်သူတွေကို တိုက်တွန်းချင်တယ်။

လူငယ်ကိုယ်စားလှယ်လောင်းကိုသန်းနိုင်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း

အမည်                                                          - ဦးသန်းနိုင် 

အခြားအမည်                                                - နိုင်စိုက်ရော့

လူမျိုး/ဘာသာ                                               - မွန်/ဗုဒ္ဓ

မွေးသက္ကရာဇ်/အသက်                                    - ၆ - ၅ - ၁၉၈၇ / ၃၃ နှစ်

နေရပ်                                                         - ရပ်ကွက် ၁၂၊ မုနိုင်းကျေးရွာ၊ ချောင်းဆုံမြို့နယ်၊မွန်ပြည်နယ်။

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်                   - မွန်ညီညွတ်ရေးပါတီ / ပါတီ၀င်

ရွေးကောက်တင်မြှောက်ခံမည့် မဲဆန္ဒနယ်          - ချောင်းဆုံမြို့နယ် ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂)

- ချောင်းဆုံမြို့နယ် အ.မ.က (မုနိုင်း) ၊ အ.လ.က (ကလွီ) ၊ အ.ထ.က (ရွာလွတ်) ကျောင်းတို့ တွင် ပညာသင်ကြားခဲ့

- ၂၀၀၇ ခုနှစ် မော်လမြိုင်တက္ကသိုလ်တွင် B.Sc (Chemistry) ဘွဲ့ရရှိခဲ့၊

- ၂၀၁၆ ခုနှစ် Vietnam နိုင်ငံ ဟိုချီမင်းမြို့တွင် နိုင်ငံတကာခေါင်းဆောင်မှုပညာ(BLDC Leadership School)တက်ရောက်ခဲ့။

- ၂၀၁၉ ခုနှစ် Canada နိုင်ငံ Monteral City, JOHNABBOTT College  တွင် International Human Rights Law လေ့လာခဲ့။

- ၂၀၂၀ ခုနှစ် Strategy First University တွင် စီပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာ သင်တန်းကို လေ့လာဆည်းပူးလျက်ရှိ သည်။

 - ၂၀၁၂ မှ ၂၀၁၉ ဒီဇင်ဘာလအထိ မွန်လူငယ်ပညာပေးအဖွဲ့တွင် အချိန်ပိုင်း လက်ထောက် ညွန်ကြားရေးမှူးတာ၀န်နှင့် ကွန်ပျူတာသင်တန်းနည်းပြတာဝန်ထမ်းဆောင်ခဲ့၊

- ၂၀၁၃မှ၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့ရှိ ညီမျှခြင်းမြန်မာ(Equality Myanmar) အထက်မြန်မာပြည်ရုံးခွဲတွင် နည်းပြ ညိနှိုင်းရေးမှူးတာ၀န်ထမ်းဆောင်ခဲ့၊

- ၂၀၁၄ မှ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ညီမျှခြင်းမြန်မာ(Equality Myanmar)ရုံးချုပ်တွင် အစီအစဉ်ညှိနှိုင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့၊

- ၂၀၁၇ မှ ၂၀၂၀ ဇူလိုင်လအထိ ဗြိတိသျှကောင်စီ(British Council)၏ တရားမျှတမှုလက်လှမ်းမှီရေးစီမံကိန်း MyJusitce Program တွင် နယ်မြေခံအရာရှိတာ၀န်ခံအဖြစ်တာတန်ထမ်းဆောင်ခဲ့၊

-  ၂၀၁၉ မှ ၂၀၂၀ ဇူလိုင်လ အထိ မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက် (HREN)   နည်းပညာအကြံပေးနှင့်  မွန်အမျိုးသမီးများအဖွဲ့ကွန်ရက် ဦးဆောင် ကော်မတီ၀င် စေတနာ့၀န်ထမ်း အဖြစ် လည်းကောင်း တာ၀န်ထမ်းဆောင်ခဲ့၊

 -မွန်အမျိုးသားရေးဆိုင်ရာ ညီလာခံနှင့်အစည်းအ‌‌ဝေးများတွင် လူငယ်ကိုယ်စားလှယ် အဖြစ်လည်ကောင်း၊ ၂၀၁၀ နှင့်၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှုတွင်လည်းကောင်း၊ အလုပ်ဖြစ်နေထိုင်သော မြို့ကြီးများတွင် ကျင်းပသော မွန်လူမှုရေး နှင့် အမျိုးသားရေးဆိုင်ရာ အခမ်းအနားများကို အလျှင်သင့်သလို အချိန်ပေးလှုပ်ရှားခဲ့။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...