ဟောပြောချက်အား ပြင်ဆင်ဖြည့်စွက်ခံရသဖြင့် နိုင်ငံပိုင်ရုပ်သံတွင်ဟောပြောမည့် အစီအစဉ်ကို ရုပ်သိမ်းလိုက်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွင်းရေးမှူး (လူငယ်တာဝန်ခံ) ဦးနော်ခုနကပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ သယံဇာတခွဲဝေနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ဖြည့်စွက်မှုပြုလုပ်ခဲ့ရာ ပါတီအနေဖြင့် လက်မခံနိုင်ခြင်းကြောင့် ဟောပြောမည့်အစီအစဉ်အား ရုပ်သိမ်းခဲ့ကာ KSPP ၏ လူမှုကွန်ရက်စာမျက်နှာတွင်သာ ဟောပြောထုတ်လွှင့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ကျွန်တော်တို့ရဲ့ပါတီ Page ကနေပြီးဘဲလွှင့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဖြတ်မှာကို မကြိုက်လို့။ ကျွန်တော်တို့က ပြည်နယ်အခြေစိုက်ဖြစ်တဲ့ပါတီဖြစ်တယ်။ ပြည်နယ်မှထွက်ရှိတဲ့ သယံဇာတများကို ပြည်နယ်သားများ အပြည့်အဝခံစားရရှိနိုင်ရေးဆိုတာကို သူတို့က ပြည်နယ်သားများနှင့် နိုင်ငံသားများဆိုပြီး ထည့်ခိုင်းစေချင်တယ်။ ကျွန်တော်တို့က နိုင်ငံသားများဆိုတာကို မထည့်စေချင်ဘူး။ အဲကြောင့် ကျနော်တို့နိုင်ငံပိုင်ရုပ်သံကို ထပ်မပို့တော့ဘူး” ဟု လူငယ်တာဝန်ခံ ဦးနော်ခုန့်ကပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်နယ်အခြေခံထားသည့်ပါတီဖြစ်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးများကို ပါတီမူဝါဒအဖြစ် အဓိကထားချမှတ်ထားသည့်အတွက် ယခုလိုဖြတ်တောက်ခြင်းအား အလိုမရှိကြောင်း ၎င်းကဆက်ပြောသည်။
နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုများတွင် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များ ဆင်ဆာဖြတ်ခံရသည်ဆိုသော်လည်း ဆင်ဆာဖြတ်တောက်ခြင်းမခံရသည့် ပါတီများလည်းရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။
“ပထမကတော့ နေပြည်တော်မှာရုပ်သံသွင်းဖို့ဆိုပြီးခေါ်တယ်။ ဒါပေမယ့် ကိုဗစ်အခြေနေကြောင့် မသွားနိုင်တဲ့ချိန်ကျတော့ ဒီကဘဲရိုက်ပို့လိုက်တယ်။ ရိုက်ပို့တဲ့ခါမှာကျနော်တို့က မြန်မာနဲ့လီဆူနှစ်ဘာသာပြောဖို့။ ဒါပေမယ့် အရေးပေါ်ဖြစ်လို့ မြန်မာနဲ့ပဲပို့လိုက်တယ်။ ကျနော်တို့ပါတီတော့ ဆင်ဆာဖြတ်ခံရတာတွ မရှိပါဘူး” ဟု ဦးရွှေမင်းက ပြောသည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပါတီ၏ မူဝါဒများအားဟောပြောခဲ့ပြီးဖြစ်ပြီး လက်ရှိချိန်ထိ နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများ၏ ဟောပြောသည့်အစီစဉ်တွင် ပါတီ ၅၀ ကျော် ဟောပြောပြီးဖြစ်ကာ ကချင်ပြည်နယ်ရှိ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီလည်း ဟောပြောခဲ့ရာ ဆင်ဆာဖြတ်ခြင်းမခံရကြောင်းနှင့် နိုင်ငံရေးပါတီများအား နိုင်ငံပိုင်ရုပ်သံ MRTV တွင် မဲဆွယ်ဟောပြောခြင်းကို စက်တင်ဘာလမှစတင်ကာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံရေးပါတီများ ၉ဝ ကျော်ရှိပြီး ယင်းပါတီများထဲမှ နိုင်ငံရေးပါတီပေါင်း ၇၀ ပါတီကျော်သည် တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ကျန်နိုင်ငံရေးပါတီများသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း၌သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
Published
Friday, October 09, 2020
ဟောပြောချက် ပြင်ဆင်ဖြည့်စွက်ခံရသဖြင့် နိုင်ငံပိုင်ရုပ်သံတွင်ဟောပြောမည့်အစီအစဉ်ကို KSPP ရုပ်သိမ်း