ဒုတိယအကြိမ်မဲစာရင်းတွင် ကယားပြည်နယ်၌ ဆန္ဒမဲဆန္ဒရှင်ဦးရေ ၆၀၀ ကျော်သာတိုးလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ပထမအကြိမ်မဲစာရင်းတွင် ပုံစံ ၃ ဖြင့်လျှောက်ထားသူ ၆၉၅၅ ဦး၊ ပုံစံ (၄) ဖြင့် ပယ်ဖျက်သူ ၄၃၆၅ ဦး၊ ပုံစံ (၄-ဂ) ဖြင့် အချက်အလက်မှားယွင်းသည့်အတွက် ပြန်လည်ပြင်ဆင်သူ ၁၀၇၆၅ ဦးရှိသည့်အနက် ဒုတိယအကြိမ်မဲစာရင်းတွင် တိုးလာသူဦးရေ ၆၆၀ သာ ရှိနေခြင်းဖြစ်သည်။
“ဒုတိယအကြိမ်မဲစာရင်းမှာ ဦးရေ ၆၆၀ တိုးတယ်။ မပါသင့်တဲ့သူတွေပါနေလို့ ပုံစံ ၄ နဲ့ဖျက်တာ ၃၀၀ ကျော်လောက်ရှိတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောသည်။
ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်ခြင်းကို အေက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ ကယားပြည်နယ်တွင် ပထမအကြိမ်ထုတ် ပြန်ထားသည့်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းခုနစ်ထောင်ကျော်ရှိပြီး ယခု ဒုတိယအကြိမ်ထုတ်ပြန်ရာတွင် ၆၆၀ ဦးတိုးလာသည်ဟု ဆိုသည်။
မဲဆန္ဒရှင်အနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့တွင် ပြင်ဆင်ဖြည့်စွက်လျှောက်ထားခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူဖြစ်ပါက ပုံစံ (၃-က) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စီစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ရက်ပေါင်း ၉၀ နဲ့အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရှောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသောလွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
“မဲဆန္ဒနယ်ပြင်ပ မဲပေးဖို့အတွက်ကတော့ ရက်ပေါင်း ၉၀ နဲ့အထက် မဲဆန္ဒနယ်ပြင်ပမှာ လက်ရှိဒီမှာရောက်ရှိနေတဲ့ ယခင်တုန်းကတော့ ရက်ပေါင်း ၁၈၀ ပေါ့ ပြန်ပြင်ထားတဲ့အတွက် ရက်ပေါင်း ၉၀ ပေါ့။ ရက်ပေါင်း ၉၀ လက်ရှိနေရာမှာ ရောက်ရှိနေပြီးတော့မှ မိမိမူရင်းဒေသမှာမဲမပေးချင်ဘူး လက်ရှိ မိမိရောက်ရှိနေတဲ့ဒေသမှာပဲ မဲပေးချင်တယ်ဆိုရင်တော့ မဲဆန္ဒရှင်ပြည်သူတွေက ပုံစံ (၃) က နဲ့လျှောက်လို့ရပါတယ်။ ပုံစံ (၃) က နဲ့လျှောက်မယ်ဆိုရင်လည်း ဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ သက်ဆိုင်ရာအကြီးအကဲရဲ့ထောက်ခံစာလိုတာပေါ့ အလုပ်သမားဖြစ်မယ်ဆိုရင်လည်း အလုပ်ရှင်ရဲ့ထောက်ခံချက် အခြားဆိုရင်လည်း ကိုယ်တိုင်ဝန်ခံချက်လိုတာပေါ့။ အဲဒါပြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ရက်ပေါင်း ၉၀ နဲ့အထက်ရှိတဲ့ထောက်ခံချက် ဒါတွေနဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှာ (၃) ကနဲ့လျှောက်မယ်ဆိုရင် ကျတော်တို့က စီစစ်ပြီးတော့မှ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ (၃) ကနဲ့ လျှောက်ထားမှုကိုလည်း ၁၇ ရက် ၉ လ ၂၀၂၀ ကစပြီးတော့မှ စတင်လက်ခံနေပါပြီ။ (၃) ကတွေနဲ့ မဲဆန္ဒနယ်ပြင်ပပေါ့။ အဲဒါကိုဘယ်ထိလက်ခံပေးမလဲဆို ၁၀ ရက် ၁၀ လ ၂၀၂၀ ခုနှစ်အထိလက်ခံပေးပါမယ်။ အဲလိုလျှောက်ထားတဲ့သူကို လက်ခံပြီးသွားပြီဆိုရင် သူရဲ့မူရင်းဒေသမှာရှိတဲ့ မဲစာရင်းကို ဒီက ပုံစံ (၃) ခနဲ့ ပယ်ဖျက်ခြင်းဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဦးကျော်ဆန်းဝင်းက ဆက်ပြောသည်။
မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါမပါ စစ်ဆေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း တိုက်တွန်းနိုးဆော်ထားပြီး အွန်လိုင်းမှတဆင့် ကြည့်ရှုလိုသူများအနေဖြင့် https://findyourpollignstation.uec.gov.mm တွင် ဝင်ရောက်စစ်ဆေးဆောင်ရွက်နိုင်ကြောင်း သိရသည်။