နိုင်ငံပိုင်မီဒီယာတွင် နိုင်ငံရေးပါတီများ ဟောပြောမည့်အစီအစဉ်တွင် ပါတီမူဝါဒများကိုပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်ခဲ့ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်ကပြောကြားသည်။
“ပြင်ပြီး ပြန်ပို့တဲ့အထဲမှာ ထူးခြားတာတစ်ခုက ဘာလဲဆိုတော့ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့အခါ ပါတီမူဝါဒတွေ သဘောထားတွေတင်ရပါတယ်။ အဲတင်တဲ့အခါတုန်းက ကျွန်တော်တို့ရေးလိုက်တဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို အခုထည့်ပြီးမှရေးတယ်။ အဲတာတွေပါ အကုန်ဖြတ်တောက်ခံရတယ် ဆိုတဲ့အခါကျတော့ တော်တော်အံ့သြစရာကောင်းသွားတာပေါ့လေ။ ရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ မူဝါဒသဘောထားကို ပြည်သူလူထုကဘာပြောမှာလဲပေါ့နော်။ အဲတော့ နိုင်ငံတော်ထိခိုက်မယ့် ချမှတ်ထားတဲ့ မူဝါဒရှိပါတယ်။ နိုင်ငံတော်ထိ ခိုက်စေမယ်စကားမျိုးမပြောရ။ တပ်မတော်ကို ထိခိုက်စေမယ့် စကားမျိုးမပြောရလို့ပါတယ်။ အခု ကျွန်တော်တို့ပြောမယ့်အထဲမှာ အဲတာတွေလွတ်နေတဲ့ဟာကြီးကို ဘာကြောင့်ဖြတ်စရာလိုမလဲ” ဟု ဦးစိုင်းဌေးအောင်ကပြောသည်။
ထိုကဲ့သို့ ပါတီမူဝါဒများပါ ဖြတ်တောက်ခံရခြင်းများကြောင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် နိုင်ငံပိုင်မီဒီယာတွင် နိုင်ငံရေးပါတီများ ဟောပြောမည့်အစီအစဉ်တွင် ပါ၀င်တော့မည်မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
အဆိုပါဖြတ်တောက်ခံရသည့် ဟောပြောမှုများတွင် ပါတီတည်ထောင်စဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရသည့် ပါတီမူဝါဒများနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောခဲ့သည့် ဟောပြောချက်များပါ၀င်ကြောင်း သိရသည်။
ဟောပြောမှု၏ တစ်၀တ်ခန့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆင်ဆာဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အားနည်းချက်များနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟောပြောချက်များ၊ အာဏာရှင်စနစ် ပြန်လည်မပေါ်ပေါက်လာရေးစသည့် ဟောပြောချက်များဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် မဲဆန္ဒနယ် ၂၈ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲဆ္ဒနယ် ကိုးနေရာ၊ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ၊ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းဒေသများတွင် အင်အားကြီးပါတီကြီးများသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။