၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ကြေညာပြီးနောက် ပါတီအသီးသီး၏ လှုပ်ရှားမှုများကို လူမှုစာမျက်နှာထက်တွင် တွေ့မြင်လာကြရသည်။ သို့သော် ယခုအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများအနက် ပြည်သူစိတ်ဝင်စားမှု အနည်းဆုံးဖြစ်သည့် ရွေးကောက်ပွဲ ဖြစ်လာနိုင်သည်ဟု ယူဆရသည်။ သို့သော် ၎င်းသည် ခန့်မှန်းချက်သာ ဖြစ်သည်။ မြေပြင်အနေအထားအရ မဲပေးလိုသော ဆန္ဒမရှိသူ အများအပြားကို တွေ့မြင်ရသည်။
၂၀၁၀ ရွေးကောက်ပွဲသည် ဆယ်စုနှစ် နှစ်ခုစာ စစ်အုပ်စုက အာဏာအရပ်ရပ်ကို ချုပ်ကိုင်ပြီး လွှတ်ပေးလိုက်သော ရွေးကောက်ပွဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသစ်ဆန်းအဖြစ်၊ မျှော်လင့်ချက် ရောင်ခြည် သန်းလာမည်လားဟုသည့် ရည်ရွယ်ချက်ဖြင့် မဲပေးခဲ့ကြသည်။
၂၀၁၅ တွင် မူလရည်မှန်းချက်မှ တဆင့်ခုန်ကာ ဒီမိုကရေစီအင်အားစုများ အာဏာရလာမယ်လားဟုသည့် မျှော်လင့်ချက်ဖြင့် ထပ်မံအားဖြည့် ပြည်သူတွေ တာဝန်ကျေခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားသော အခွင့်အရေးများ ရလိုရငြား၊ ဒီမိုကရေစီနှုန်းစံများကို ချုပ်နှောင်ထားသော ပုဒ်မများကို ပြင်နိုင်မည်လားဟုသည် အတွေးသည် ၂၀၁၅ ရွေးကောက်ပွဲ၏ မျှော်လင့်ချက်ဖြစ်ခဲ့သည်။
သို့သော် ၂၀၁၅ နှင့် ၂၀၂၀ ကြားကာလသည် ကုန်လွန်ခဲ့သော ၂၀၁၀ နှင့် ၂၀၁၅ ကြားကာလထက် မချောမွေ့။ ရခိုင်ပြည်ရှိ မွတ်ဆလင်များ၏ ဇာတ်လမ်း တကျော့ပြန် အားကောင်းခဲ့သည်။ အကျိုးဆက်အဖြစ် နိုင်ငံတကာ ဖိအားများ ပိုမိုပြင်းထန်လာခဲ့သည်။ မြန်မာပြည်သို့ ပြေးဝင်ရင်းနှီးမြှုပ်နှံရန် စောင့်ဆိုင်းနေသော ပြည်ပကုမ္ပဏီများ လက်တွန့်သွားသည်။
ဗမာမဟုတ်သော လူမျိုးများ၏ ပြည်နယ်များတွင် အမျိုးသားတန်းတူရေး အခွင့်အာဏာ၊ လုပ်ပိုင်ခွင့် မရခဲ့ကြ။ ထို့ကြောင့် ဗမာမဟုတ်သော လူမျိုးများ၏ ရင်ထဲတွင် စစ်အုပ်စုနှင့် ဒီမိုကရေစီ အင်အားစုများအား အတူတူဟု ညီမျှခြင်း ချလိုက်သည်။
ထိုအခြေအနေတွင် အဆိုးဆုံးအနေအထား ရောက်သွားသည်မှာ ရခိုင်ပြည်နယ် ဖြစ်သည်။ ကျည်သံ တိတ်ဆိတ်နေခဲ့သော ပြည်နယ်တွင် တဒုံးဒုံး၊ တဒိုင်းဒိုင်း အသံများ ထွက်လာသည်။ နေ့မြင်ညပျောက် သေဆုံးမှုများ။ တချိန်က ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်မျဉ်းများတွင် မြင်တွေ့ရသည့် အပြေးအလွှားပုံရိပ်များ ရခိုင်ပြည်နယ်တွင် မျက်ဝါးထင်ထင် တွေ့နေရသည်။
နိုင်ငံရေးအရ အဖြေမရှာနိုင်လျှင် ရယ်ဒီကယ်လိုင်း လိုက်ကြသည်မှာ နိယာမတစ်ခုလို ဖြစ်လာခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်ရှိ ပါတီအသီးသီးနှင့် နိုင်ငံရေး စိတ်ဝင်စားသူများက ရွေးကောက်ပွဲသည် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဖြတ်လျှောက်ရမည့် လမ်းအဖြစ် မှတ်ယူထားကြဆဲ။ သူတို့၏ လှုပ်ရှားမှုများက ထင်ဟပ်နေဆဲ။
အရေးကြီးသည့်အချက်မှာ အဆိုပါ နိုင်ငံရေး အင်အားစုများကို အာဏာလက်ရှိများ၊ ရွေးကောက်ပွဲ နောက်ပိုင်း တက်လာမည့် အစိုးရအနေဖြင့် ဒိုင်ယောလော့ ပါတနာအဖြစ် တန်ဖိုးထား ဆက်ဆံရန်လိုသည်။
ရွေးကောက်ပွဲများ၊ တွေ့ဆုံဆွေးနွေးမှုများသည် ယဉ်ကျေးမှု၊ နိုင်ငံရေး အဆင့်မြင့်သူများသာ လုပ်နိုင်သည် ဆို သည်ကို ပြည်သူများ သိရှိလာအောင် လက်တွေ့ လုပ်ဆောင်ပြရန် လိုအပ်သည်။
ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်နေသော ရက္ခိုင့်တပ်တော်ကလည်း ယနေ့အချိန်ထိ ရွေးကောက်ပွဲ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဆုတ်ကိုင်ထားဆဲ ဖြစ်သည်။ သည်အချက်သည် အုပ်ချုပ်သူနှင့် ပုန်ကန်သူအကြား ညှိလို့ ရနိုင်သေးသည့် အဓိက ပွိုင့်ဆိုသည်ကို လက်ခံထားရန် အထူးအရေးကြီးသည်။
သို့သော် ယခု လတ်တလောတွင် ရခိုင်ပြည်နယ်နှင့် နယ်မြေစုံ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် အင်အားစုများ၏ တာဝန် ဖြစ်လာသည်။ ရခိုင်နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံရေး စိတ်ဝင်စားသူ အများစုက ပြည်မပါတီများ မနိုင်နိုင်သောနေရာကို ရွေးကောက်ပွဲနီးမှ ချန်ထားခဲ့မည့်လားဟု တွေးဆကြသည်။ ထိုအတွေးအတိုင်း ဖြစ်လာပါက ရခိုင်ပြည်သူများ၏ ရင်ထဲတွင် သံသယလှိုင်းများ ရိုက်ခတ် ပြီး လက်နက်ကိုင်ပဋိပက္ခကို တွန်းပို့သလို ဖြစ်သွားနိုင်သည်ကို သက်ဆိုင်သူ အားလုံး သတိချပ်သင့်ပါသည်။
ထိုသို့ ဖြစ်လာပါက အမျိုးသားရင်ကြားစေ့ရေး အလှမ်းဝေးသွားနိုင်ပါသည်။