လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ဆုံစီမံကိန်း အပြီးရပ်တန်နိုင်မည့်ပါတီကို မဲပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ဆုံဒေသခံများက ပြောသည်။
တန်ဖဲကျေးရွာမှ အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ရသူ ဦးနော်ခရိန်တူးခေါင်က “ကျနော်တို့ တက်လာတဲ့အစိုးရက ကျနော်တို့ ဘယ်လိုမျိုးဖြစ်စေချင်သလဲဆိုတော့ ဒီမြစ်ဆုံစီမံကိန်းကို လုံး၀ ရပ်တန့်ပေးတဲ့ ဆုံးဖြတ်ပေးတဲ့ အစိုးရဖြစ်စေချင်တယ်။ ပြီးတော့ ဒီဒေသခံလူထုတွေအတွက် အကျိုးစီးပွားတွေအတွက် လုပ်ပေးတဲ့ အစိုးရဖြစ်စေချင်တယ်။ ကျနော်တို့ ဒေသခံတွေရဲ့ အကျိုး စီးပွားမပါတဲ့ စီမံကိန်းဆိုရင်တော့ ဒါလက်မခံသင့်တဲ့ အရာပေါ့။ ဒါကြောင့် အစိုးရတိုင်းက ဒေသခံတွေရဲ့ အကျိုးစီးပွားကို လုပ်ပေးစေချင်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း လုံး၀ ရပ်တန့်ပေးစေချင်တယ်။ ရပ်တန့်ပေးမယ်ဆိုတဲ့ ဒီနိုင်ငံရေးပါတီ အစိုးရကို နိုင်ငံရေးပါတီကို ကျနော်တို့ မဲထည့်မယ်” ဟုပြောသည်။
မြစ်ဆုံရေကာတာစီမံကိန်း ယာယီရပ်ဆိုင်းထားသည့် ကိုးနှစ်ပြည့်သည့် စက်တင်ဘာ ၃၀ ရက်တွင် ဒေသခံများက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခုအခါ တန်ဖဲကျေးရွာတွင် ပြန်လည်နေထိုင်နေသည့် မဂျာအောင်ကလည်း “ကျနော်တို့ကတော့ ဒီမြစ်ဆုံရေကာတာကို လုံးဝ ရပ်ဆဲ လုပ်မယ့် အစိုးရပဲ၊ သမ္မတပဲ လိုချင်တယ်။ ပြီးရင် ဒီဖက် တောသူတောင်သားတွေပေါ့နော် လုပ်စားမယ့်ဟာတွေပေါ့ ကျနော်တို့ကို ဦးစားပေးမယ့်အစိုးရပဲ လိုချင်တယ်” ဟု ၎င်းကပြောသည်။
မြစ်ဆုံရေကာတာစီမံကိန်း ယာယီရပ်ဆိုင်းထားသည့် ကိုးနှစ်ပြည့်နေတွင် ဒေသခံများအနေဖြင့် ၎င်းတို့၏ ကျေးရွာဟောင်း တန်ဖဲကျေးရွာသို့ သွားရောက်ကာ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“မြစ်ဆုံစီမံကိန်းကို မဖြစ်မြောက်ဖို့ လုပ်ဆောင်ရင်လည်း ကျေးရွာကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အ လမ်း ကို လုပ်စေချင်တာပေါ့နော်။ ဒါက သူကချိတ်ဆက်နေတာ၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ကျနော်တို့ ရွာရဲ့ ဖြစ် တည်မှုက သူက ချိတ်ဆက်နေတဲ့အတွက်ကြောင့် မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့် ကွက်စေချင် တယ်။ ဒါကတစ်ပိုင်း။ ပြီးတော့ ဒေသက လူတွေက ကိုယ့်ရဲ့ဌာနေဒေသ ကိုယ့်ရဲ့ ကျေးရွာဟောင်းမှာ ပြန်လည် နေထိုင်ရေးဆိုတဲ့ဟာလည်း ဒါက အရေးကြီးတယ်။ ဒီနှစ်ခုကတော့ ချိတ်ဆက်နေပါတယ် ပေါ့နော ဒီ နှစ် ခုကို ပံ့ပိုးပေးရင် အင်မတန်မှ ကောင်းပါတယ်” ဟု ဦးနော်ခရိန်တူးခေါင်ကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ အလွန်တက်လာမည့် အစိုးရအနေဖြင့်လည်း ဒေသခံများ၏ မူရင်းမွေးရပ်ဒေသ တန်ဖဲကျေးရွာတွင် ပြန်လည်နေထိုင်နိုင်အောင် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း တန်ဖဲကျေးရွာမှ အောင်မြင်သာကျေးရွာသို့ ပြောင်ရွေ့နေထိုင်ခဲ့ရသူ ကိုဇော်တူးက ပြောသည်။
“လာမယ့် ရွေးကောက်ပွဲမှာ တက်လာမယ့် အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ ထာဝရတည်တံ့တဲ့ ဒီမြစ်ဆုံနယ်မြေမှာ ပြန်လည်ပြီးတော့ နေနိုင်ဖို့အတွက်ကို ဆောင်ရွက် စေချင်တာပေါ့” ဟု ၎င်းကပြောသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ကုမ္ပဏီနှင့် အစိုးရက ချထားပေးသည့် အောင်မြင်သာ စံပြကျေးရွာတွင် လုပ်ကိုင်စားသောက်ရန် မြေနေရာ မရှိသည့်အတွက် စားဝတ်နေရေးအတွက် ၎င်းတို့မြေယာများရှိရာ တန်ဖဲကျေးရွာသို့သာ ပြန်လည်လုပ်ကိုင်စားသောက်ရင်း စားဝတ်နေရေး လူမှုရေး ပညာရေး အဖက်ဖက်ကို ဖြေရှင်းနေရသည်ဟု ဒေသခံများက ဆိုသည်။
မြစ်ဆုံရေကာတာစီမံကိန်းကြောင့် တန်ဖဲကျေးရွာအပါအဝင် အောင်မြင်သာ၊ စံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ကျေးရွာ ၁၀ ရွာခန့်ရှိကြောင်း သိရသည်။
ကနဦးအနေဖြင့် ဒေသခံများအား မူလကျေးရွာများတွင် တားမြစ်မှု တစ်စုံတစ်ရာမရှိပဲ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ပေးရန်လိုအပ်ပြီး စီမံကိန်းအား နောက်ပိုင်းတွင် တဖြည်းဖြည်း အပြီးရပ်ရန် လုပ်ဆောင်သင့်သည်ဟု နောက်တန်ဖဲကျေးရွာမှ အောင်မြင်သာ ကျေးရွာသို့ ပြောင်ရွေ့နေထိုင်ခဲ့ရသူ ဒေါ်ကိုင်ဆိုင်းက တောင်းဆိုသည်။
“ဒီမှာ လုပ်ကိုင်စားသောက်တဲ့အခါမှာ လုံးဝ အဟန့်အတားမရှိ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့်ရချင်တယ်။ အဲဒါပြီးမှ တစ်ဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ထာဝရအပြီးအပိုင် ရပ်တန့်စေချင်တယ်။ အရင်က ကျွန်မတို့ ပြောင်းရွှေ့ခဲ့ရတာက အမိန့်ကို မလွန်ဆန်ရဲလို့ ပြောင်းရွေ့ခဲ့ရတာ” ၎င်းကပြောသည်။
မြစ်ဆုံသည် ကချင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး၏ အရေးနှင့် သက်ဆိုင်သည့်အတွက် မြစ်ဆုံစီမံကိန်း မဖြစ်မြောက်အောင် တစ်နိုင်ငံလုံးရှိ ပြည်သူများက ဆက်လက် ဝန်းရံပေးရန် ဒေါ်ကိုင်ဆိုင်းက နိုင်ငံသားတိုင်းအား မေတ္တာရပ်ခံထားသည်။
“မြစ်ဆုံရေကာစီမံကိန်းရဲ့ ဆိုးကျိုးတွေကို ဒေသခံတွေပဲ ခံစားရမှာမဟုတ်ဘူး။ ဒါကြောင့် မြန်မာတစ်နိုင်ငံသားလုံးအားလုံးက ဒါကို ညီညီညွတ်ညွတ်နဲ့ ထာဝရရပ်ဆိုင်းပြီလို့ အမိန့်မထုတ်မချင်း မြစ်ဆုံကို ကာကွယ်ရမယ်။ ဝန်းရံရမယ်။ စောင့်ရှောက်ရမယ်။ ထိန်းသိမ်းရမယ့် တာဝန်က အကုန်လုံးမှာ ရှိတယ်” ဟု ဒါ်ကိုင်ဆိုင်းကပြောသည်။
လက်ရှိ NLD အစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလက ၎င်းတို့အစိုးရဖွဲ့နိုင်ပါက ပြည်သူများအား မြစ်ဆုံ စီမံကိန်းစာချုပ်ပါ အချက်အလက်များကို ချပြမည်ဟု ကတိပေးခဲ့သည်။
သို့သော် ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ စာချုပ်ပါ အချက်အလက်များကို ချပြခြင်း မရှိသေးသည့်အပြင် စီမံကိန်းနှင့်ပတ်သက်သည့် သဘောထား ရပ်တည်ချက်များကိုလည်း ချပြခြင်း မရှိသေးပေ။
မြစ်ဆုံရေကာတာ စီမံကိန်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများစွာ ရှိနေသည့်အပြင် ဒေသခံများ၏ လူမှုဘဝအဖုံဖုံကို ထိခိုက်နေသည့်အတွက် စီမံကိန်းကို အပြီးအပိုင်ရပ်တန့်ရန် သဘာ၀ပတ်ဝန်းကျင်အရေး လုပ်ဆောင်သူများ၊ မြစ်ဆုံအရေးစောင့်ကြည့်သူများနှင့် တစ်နိုင်ငံလုံးရှိပြည်သူများက တောင်းဆိုထားသည်။
မြစ်ဆုံစီမံကိန်းကိုလုပ်ဆောင်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ဗိုလ်ချုပ်ကြီးသိန်းစိန် ဝန်ကြီးချုပ်တာဝန်ယူစဉ်က တရုတ်ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်သူများ၏ ကန့်ကွက်မှုကြောင့် မြစ်ဆုံရေကာတာစီမံကိန်းကို ယာယီရပ်ဆိုင်းထားခဲ့ပြီး NLD အစိုးရလက်ထက်တွင် အပြီးအပိုင် ရပ်ဆိုင်းပေးရန် ပြည်သူများက ဆက်လက်တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ အပြီးအပိုင် ရပ်ဆိုင်းထားခြင်းမရှိသေးသည့် စီမံကိန်းကြီးဖြစ်သည်။