ရွေးကောက်ပွဲမတိုင်မှီ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းက နိုင်ငံသားကဒ်ပြုလုပ်ပေးရန်တောင်းဆို

ရွေးကောက်ပွဲမတိုင်မှီ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းက နိုင်ငံသားကဒ်ပြုလုပ်ပေးရန်တောင်းဆို
by -
ရန်လင်းအောင် (MNA)

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိသူများကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့ကို တောင်းဆိုထားကြောင်း အဆိုပါအဖွဲ့မှ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

လက်ရှိတွင် ၎င်းအဖွဲ့ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မရှိသူများကို မတ်လကတည်းက အရပ်ဘက်အဖွဲ့အစည်းများဖြင့် စာရင်းကောက်ခံထားပြီး ၎င်းစာရင်းအရမှတ်ပုံတင်မရှိသူ နှစ်ထောင်ဝန်းကျင်ရှိကြောင်းနှင့် ၎င်းတို့ကို ရွေးကောက်ပွဲအမီ မှတ်ပုံတင်ပြုလုပ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ယခုအခါ မှတ်ပုံတင်မရှိသူများနှင့်ပတ်သက်၍ ကောက်ခံထားသည့် စာရင်းကို မွန်ပြည်နယ် အစိုးရကအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံတင်ပြထားကြောင်း နိုင်ဗညားလယ်က ပြောသည်။

“မရှင်းတာက ကျွန်တော်တို့နဲ့ဆက်စပ်တဲ့ ကရင်ရွာတွေလည်း ရှိတာပေါ့နော်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက မြို့နယ် လ.ဝ.က နဲ့ ညှိနှိုင်းပူးပေါင်းပြီးတော့ မှတ်ပုံတင်လုပ်ထားပြီးပြီ။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကျတော့ ဘာလို့ NRPC အထိကို တင်ရလဲပေါ့။ မွန်ပြည်နယ်အတွင်းက ပြည်သူတွေပဲဆိုတော့ ဝန်ကြီးချုပ်က ကူညီလုပ်ပေးရင် ရမယ်လို့ထင်တယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးအနေဖြင့် မှတ်ပုံတင်မရှိသူ လူဦးရေ ငါးသောင်းရှိပြီး ယခုလို ကိုဗစ်ကာလတွင် ၎င်းတို့ကို ရွေးကောက်ပွဲအမီ မှတ်ပုံတင်ပြုလုပ်ပေးရန် အချိန်မမီသဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို နောက်ဆုတ်ထားကြောင်းနှင့် မှတ်ပုံတင်မရှိသူများ ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရေးအတွက်မူ ထောက်ခံစာဖြင့် မဲပေးနိုင်ရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (မွန်ပြည်နယ်) ထံ တရားဝင် စာပို့ထားကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။

“မှတ်ပုံတင်ကဒ်လုပ်ပေးဖို့ မမှီတော့ဘူးဆိုတော့ ကိုဗစ်နဲ့ဘာညာနဲ့ဆိုတော့ ထောက်ခံစာပဲပေးဖို့ ကော်မရှင်ကို တရားဝင်စာပို့ထားတယ်။ တစ်ဦးချင်းနာမည်နဲ့ ပို့ထားတယ်” ဟု ၎င်းကပြောသည်။

သို့သော် မွန်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်မရှိသူ လူဦးရေငါးသောင်းတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ ပြည်သူများ ပါဝင်ရှိ/မရှိကို ပြောဆိုခြင်းမရှိပေ။

လက်ရှိတွင် ကိုဗစ်ကာလကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်တို့တွင်သာ နိုင်ငံရေးပါတီများကို မဲဆွယ်ခွင့်ပြုထားပြီး ဗဟိုဌာနချုပ်နှင့် နီးစပ်သည့်နေရာများတွင် မဲဆွယ်မှုကို ကန့်သတ်ထားကြောင်းနှင့် မဲဆွယ်မှု ကန့်သတ်ထားသော်လည်း ပြည်သူများအတွက် လွှတ်လပ်စွာမဲပေးခွင့်ကို ကန့်သတ်ထားခြင်းမရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...