ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ယနေ့အောက်တိုဘာလ ၁ ရက်ကစတင်၍ သက်ဆိုင်ရာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာရာ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၀၀၀ ကျော် လျော့နည်းသွားကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကတ်ထားကြေညာခဲ့ရာတွင် ချင်းပြည်နယ်၌ မဲဆန္ဒရှင် ၃၄၂၁၃၇ ဦးရှိခဲ့ပြီး ယခုဒုတိယကြိမ်တွင် ၃၃၂၆၉၈ သာရှိသဖြင့် မဲဆန္ဒရှင် ၉၄၃၉ ဦး လျော့နည်းသွားခြင်းဖြစ်သည်။
ယင်းသို့ မဲဆန္ဒရှင်လျော့နည်းသွားသည့်အပေါ် ချင်းပြည်နယ် ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ပထမအကြိမ် မဲစာရင်းကပ်တဲ့အချိန်မှာတော့ ပုံစံ (၃) နဲ့ လျှောက်တဲ့ဟာရှိတယ်။ Door to Door နဲ့ တစ်အိမ်တက်ဆင်း စီစစ်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပေါင်းပြီးတော့ စီစစ်တဲ့အခါမှာ တိုးတဲ့ဟာတွေရှိတယ်။ ပြီးရင် ပုံစံ (၄) နဲ့ ကန့်ကွက်လို့ လျော့သွားတဲ့ဟာရှိတယ်။ Door to Door ဆောင်ရွက်လို့ မိသားစုတွေလိုက်မရှိတော့ဘူး စီစစ်တဲ့အခါမှာ မရှိတော့ဘူး။ တစ်ချို့ကလည်း ကွယ်လွန်သွားတဲ့ဟာရှိတယ်၊ တစ်ချို့ကလည်း နိုင်ငံခြားကို အပြီးပြောင်းနေတဲ့သူတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့ နှုတ်လိုက်တဲ့အခါမှာ အခုဒုတိယအကြိမ် မဲစာရင်းကတော့ လျော့သွားတယ်” ဟု ပြောသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကတ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိနာမည် ပါ/မပါ သေသေချာချာ စစ်ဆေးရန်လိုအပ်ကြောင်း၊ အကယ်၍ မိမိနာမည်မပါသည်ဖြစ်စေ၊ နာမည်မှားယွင်းသည်ဖြစ်စေ ပုံစံ (၃) ပုံစံ (၄) တို့ဖြင့် ပြန်လျှောက်နိုင်သည်ဟု ဦးလင်းကျော်က ဆက်ပြောသည်။
“မဲစာရင်း ကပ်ထားတဲ့နေရာတွေကို တစ်အိမ်ထောင်စုကို တစ်ယောက်နှုန်းနဲ့တော့ လာကြည့်ပေးစေချင်တယ်၊ တကယ်လို့ မကြည့်နိုင်လို့ အခက်အခဲရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ် ကော်မရှင်တွေကို Call Center တွေ ဖုန်းနံပတ်တွေရှိပါတယ်။ အဲဒီဖုန်းနံပတ်တွေနဲ့ ဆက်သွယ်ပြီးတော့ မဲစာရင်းပါမပါ လှမ်းမေးလို့ရတယ်။ တကယ်လို့များမပါလာလို့ ကိုယ့်အချက်အလက်တွေ မှားနေလို့ဆိုလို့ရှိရင်လည်း ပုံစံ (၄) နဲ့ပေါ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုတွေမှာ လျှောက်လို့ရတယ်။ လျှောက်ဖို့အတွက်ကိုလည်း သွားလာဖို့အတွက်အခက် အခဲဖြစ်နေသေးတယ်ဆိုရင်လည်း အဲဒီမြို့နယ်ကော်မရှင်တွေရဲ့ Viber ဖုန်းနံပတ်တွေရှိပါတယ်။ ကြေညာထားပေးတယ်။ အဲဒီဖုန်းနံပတ်ကနေတဆင့် ပုံစံ (၃) ကိုရယူပြီးတော့ ဖြည့်မယ် ဖြည့်ပေးလို့ရှိရင် Viber နဲ့ပဲ ပြန်ပို့မယ်။ အဲဒါလေးကိုတော့ ကျနော်တို့ ပြည်နယ်အတွင်းမှာ စီစဉ်ပေးမယ်” ဟု ဦးလင်းကျော်က ပြောသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ရန် ပြည်ပမှ ပုံစံ (၁၅) ဖြင့် လျှောက်ထားလာသူ ချင်းလူမျိူး ၂၅၃ ဦးရှိကြောင်း သိရသည်။
ချင်းပြည်နယ်သည် ခရိုင်လေးခုနှင့် မြို့နယ်ပေါင်းကိုးခုဖြင့် ဖွဲ့စည်းထားပြီး ပြည်နယ်တစ်ခုလုံးတွင် မဲရုံ ၁၁၁၄ ရုံ ဖွင့်လှစ်သွားမည်ဟု သိရသည်။
Published
Friday, October 02, 2020
ဒုတိယအကြိမ်မဲစာရင်း ချင်းပြည်နယ်တွင် မဲဆန္ဒရှင် ၉၀၀၀ ကျော်လျော့နည်းသွား