ကယားပြည်နယ်တွင် လက်ရှိအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့ မဲဆွယ်စည်းရုံးမှုများ အပြိုင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်တွင် စက်တင်ဘာ ၂၅ ရက်တစ်ရက်တည်းအတွင်းပင် NLD ပါတီကို ထောက်ခံအားပေးကြသည့် အင်အားစုများက လွိုင်ကော်မြို့တွင်း မဲဆွယ်လှည့်လည်ခဲ့လျက်ရှိပြီး KySDP ကို ဝန်းရံထောက်ခံသူများကလည်း ဒီမော့ဆိုမြို့နယ်အတွင်း လှည့်လည်ကာ ၎င်းတို့အနေဖြင့် ဝန်းရံသူအင်အားရာနှင့်ချီ၍ မဲဆွယ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာလ ကျန်းမာရေးကန့်သတ်ချက်များရှိနေသော်လည်း NLD အနေဖြင့် ကယားတွင် ဝန်းရံထောက်ခံသူများကြောင်း ပြလိုသည့်အနေဖြင့် ယခုလို လူအင်အားအလုံးအရင်းဖြင့် စည်းကမ်းတကျ မဲဆွယ်လှည့်လည်ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ NLD ပါတီ အောင်နိုင်ရေးဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးခွန်ဇော်ဇော်ထွေးက ပြောသည်။
“လွိုင်ကော်မြို့တွင်း လုပ်တဲ့ပွဲဆိုတော့လေ လူတွေကစိတ်ဝင်စားပါတယ်။ အားပေးချင်တဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုဗစ်ရှိနေတော့ အများကြီးစဉ်းစားပါတယ်။ မြန်မာနိုင်ငမှာ ကိုဗစ်လူနာဦးရေကလည်း တိုးနေတယ်။ ဒီပွဲကိုလုပ်ဖို့မလုပ်ဖို့ တော်တော်စဉ်းစားပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်က ကိုဗစ်ကင်းတဲ့ နယ်မြေလည်းဖြစ်တယ်။ ကျတော်တို့ စည်းကမ်းချက်တွေ လိုက်နာပြီးသွားမယ်ဆိုပြီး ဝန်းရံတဲ့သူတွေ အများကြီးရှိတယ်ဆိုတဲ့အတွက် အင်အားပြမဲဆွယ်တာပါ” ဟု ဦးခွန်းဇော်ဇော်ထွေးက ပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ဝန်းရံကြသည့် ကရင်နီလူငယ်အင်အားစုများသည် ကရင်နီပြည် လူမျိုးစု လူငယ်နှီးနှောဖလှယ်ပွဲမှ ချမှတ်ထားသည့် မူဝါဒအတိုင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီကို ဝန်းရံသွားမည်ဟု ဆုံးဖြတ်ချက်ထားသည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခူးရီးရယ်ကပြောသည်။
“ပြည်နယ်အခြေစိုက်ပါတီက ကိုယ်စားလှယ်လောင်းတွေက အရည်အချင်းပြည့်မီတဲ့သူတွေဖြစ်တယ်။ ပြည်နယ်ရဲ့လိုအပ်ချက် လိုလားချက်တွေကို အသိဆုံးဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည် အဖော်နိုင်ဆုံးသူတွေဆိုတာ ကျတော်တို့ ပြည်သူလူထုကိုချပြခြင်းလို့ လှည့်လည်ခြင်းကမ်ပိန်းကို လုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု ၎င်းကပြောသည်။
NLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားရှိ မြို့နယ်ခုနစ်မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားရှိ မဲဆန္ဒနယ်အများအပြားတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။
ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ပြီးနောက် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ၊ ကယားလူမျိုးစု ဒီမိုကရက်တစ်ပါတီများနှင့် ပူးပေါင်းခဲ့သည့် ပါတီဖြစ်သည်။
၎င်းပါတီသည် ကယန်းအမျိုးသားပါတီ (KNP) နှင့် မဟာမိတ်ဖွဲ့ထားပြီး မဲဆန္ဒနယ် ၃၄ နေရာအနက် KySDP မှ မဲဆန္ဒနယ် ၃၀၊ KNP မှ မဲဆန္ဒနယ် ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း NLD ပါတီမှ ယခုလို အင်းအားအလုံးအရင်းဖြင့် မဲဆွယ်လှည့်လှည်စည်းရုံးမှုသည် စက်တင်ဘာလအတွင်း လေးကြိမ်မြောက်ဖြစ်ပြီး KySDP ကလည်း စက်တင်ဘာလအတွင်း၌ အင်အားအလုံးအရင်းဖြင့် လှည့်လည်မဲဆွယ်ခြင်းကို မြို့တွင်းနှင့် ကျေးလက်ဒေသများကို အဓိကထားပြုလုပ်လျက်ရှိကြောင်းနှင့် နှစ်ပါတီလုံးအနေဖြင့် အင်အားပြမဲဆွယ်မှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း အောင်နိုင်ရေးဦးဆောင်သူများက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးကူးစက်မှု မြင့်တက်နေသဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လူစုလူဝေးဖြင့် မဲဆွယ်မှုများပေါ် ဝေဖန်ခံမှုများ ကြုံတွေ့နေရသော်လည်း ကယားပြည်နယ်တွင် ကိုဗစ်ကင်စင်သည့် ပြည်နယ်ဖြစ်သည့်နည်းတူ လူစုလူဝေးဖြင့် မဲဆွယ်မှုအားလက်ရှိအချိန်အထိ ဝေဖန်ပြောကြားမှုများမရှိကြောင်း သိရသည်။