ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အောက်ကော့ရင်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာတွင် ပအိုဝ်းရေးရာ မဲစာရင်း၌ ကျန်ခဲ့သူများကို ပြန်လည်စိစစ်၍ ထည့်သွင်းထားပြီးဖြစ်ကြောင်း ဖားအံမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသောင်းထွန်းကပြောသည်။
“မဲစာရင်းတွေ စိစစ်ပြီးတော့ ပြန်ထည့်သွင်းထားပြီးပါပြီ” ဟု ၎င်းက စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။
အဆိုပါ အောက်ကော့ရင်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာတွင် နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသားများသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ်၊ ပအိုဝ်းရေးရာမဲကို ပေးခွင့်ရသည်ကိုတွေ့ရသော်လည်း ယခု ၂၀၂၀ မဲစာရင်းတွင် မပါသည့်အတွက် မြို့နယ်ကော်မရှင်ထံ တင်ပြခဲ့သည်ဟု ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခွန်မင်းအောင် (ခ) မောင်မောင်က ပြောသည်။
“ကျနော် အရင်ရွေးကောက်ပွဲတွေတုံးက ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် လုပ်ပေးခဲ့ဖူးတယ်။ အဲ့တုံးက မရင်းရွာက ပအိုဝ်းတွေ ရေးရာ မဲပေးခဲ့ရဖူးတယ်။ ဒီတစ်ကြိမ်မှာ အဲ့ရွာကို စည်းရုံးရေးဆင်းတော့ မပါလို့ စိစစ်ဖို့ တင်ပြခဲ့တာပါ” ဟု ခွန်မင်းအောင်က ပြောသည်။
အဆိုပါ မရင်းကုန်းကျေးရွာတွင် ပအိုဝ်းတိုင်းရင်းသားရေးရာ မဲစာရင်းတွင် မဲဆန္ဒရှင် ၅၀ ဦးကျော်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်၌ မဲပေးခွင့်ရှိသူ ၄၅၀၁၁ ဦးရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်တွင် ဖောပြထားသည်။