မဲဆွယ်ရာတွင် ကျန်းမာရေးဆိုင်ရာစည်ကမ်းချက်များကို ချိုးဖောက်ခြင်းမရှိခဲ့ဟု လူအင်းအားသုံးမဲဆွယ်မှုကြောင့် ဝေဖန်ခံနေရသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌပြော

မဲဆွယ်ရာတွင် ကျန်းမာရေးဆိုင်ရာစည်ကမ်းချက်များကို ချိုးဖောက်ခြင်းမရှိခဲ့ဟု လူအင်းအားသုံးမဲဆွယ်မှုကြောင့် ဝေဖန်ခံနေရသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌပြော

နယ်လှည့်မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးဆိုင်ရာစည်ကမ်းချက်များကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း လူအင်အားသုံး မဲဆွယ်မှုကြောင့် ဝေဖန်ခံနေရသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) မှ ဥက္ကဌ ဦးငိုင်ဆောခ့်က ပြောသည်။

ကိုဗစ်ဖြစ်ပွားမှု မြင့်မားနေသည့် ယခုလိုကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ စက်တင်ဘာ ၁၉ ရက်က ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်သည် ၎င်းတို့ကို ထောက်ခံအားပေးသည့် ဝန်းရံသူ အင်အားသုံးရာခန့်ဖြင့် ဆိုင်ကယ်များစီး၍ လှည့်လည်မဲဆွယ်စည်ရုံးခဲ့ရာ ကျန်းမာရေးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းများကို မလိုက်နာဘဲ မဲဆွယ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဝေဖန်မှုများအပေါ် ၎င်းကအထက်ပါအတိုင်း တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

“ပါတီတိုင်းက စည်းရုံးရေးလုပ်နေကြတာလေ။ ကော်မရှင်ကလည်း ခွင့်ပြုထားတာဘဲ ကန်ပက်လက်လိုမျိုး မင်းတပ်မြို့လိုမျိုးမှာကြတော့ ထူးခြားတဲ့အခြေအနေကြောင့် မဲဆွယ်တာကို ရပ်နားထားတယ်။ စည်းကမ်းအတိုင်းပဲ လုပ်နေတာပဲ။ ထူးခြားမှုလည်း မရှိတဲ့နေရာမှာ ပါတီတိုင်းကလည်း လုပ်နေတဲ့အချိန်မှာ CNLD ကို ကွက်ပြီး ဝေဖန်နေရင်လည်း မလိုလားတဲ့သူတွေ ဖြစ်ပါမယ်။ တခြားပါတီ စည်းရုံးရေး ဆင်းနေတာကိုလည်း ကျွန်တော်တို့ ဝေဖန်မနေဘူး” ဟု ဦးငိုင်ဆောခ့်က ပြောသည်။

ယင်းသို့ မဲဆွယ်စည်းရုံးမှုသည် အခြားပါတီများလည်း လုပ်ဆောင်နေပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ကျန်းမာရေးဝန်းကြီးဌာန ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သို့သော် ယင်းပါတီသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်တို့တွင် နယ်လှည့်မဲဆွယ်စည်းရုံးရေးများကို ယာယီရပ်နားထားကြောင်း သိရသည်။

“မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကိုတော့ ရောဂါအခြေနေကြောင့် စည်းရုံးရေးကို ယာယီရပ်နားထားတယ် မတူပီမြို့ကတော့ ထူးထူးခြားခြားမရှိတော့ ပါတီအားလုံးတော့ သူ့ဟာနဲ့သူ သွားနေကြတယ် ရပ်နားထားတာတော့ မရှိဘူး” ဟု ၎င်းကပြောသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) သည် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်နေရာအများစုနှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တွင် လွှတ်တော်နေရာစုစုပေါင်း ၅၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးငိုင်ဆောခ့်သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...