၂၀၂၀ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးရမည့် လူငယ် (First Voter) များအား လှုံ့ဆော်သည့်အနေဖြင့် "နိုးကြားတက်ကြွ ၂၀၂၀ မှာမဲပေးကြ" ဂီတဖန်တီးမှုပြိုင်ပွဲကြီး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂီတဖန်တီးမှုပြိုင်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကူညီပံ့ပိုးမှုဖြင့် IEFS မှ ဦးဆောင်၍ လူမှုရပ်ဝန်းပြောင်းလဲတိုးတက်ရေးအေဂျင်စီ Love Frankie မှ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲအား မြန်မာနိုင်ငံရှိလူငယ်များနှင့် ပထမဦးဆုံးမဲပေးမည့် လူငယ်များ ၂၀၂၀ ရွေးကောက်ပွဲတွင် အင်တိုက်အားတိုက် ပါဝင်လာရေးနှင့် မဲပေးခြင်းသည် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းနှင့် တိုင်းပြည်အတွက် ကောင်းသောပြောင်းလဲခြင်းများ ဖြစ်ပေါ်စေရန်အတွက် အရေးကြီးကြောင်း သိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါပြိုင်ပွဲကို အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်မည်သူမဆို ပါဝင်နိုင်မည်ဖြစ်ပြီး သုံးမိနစ်ထက်မပိုသော ကိုယ်ပိုင်သံစဉ်/စာသားဖြင့် ရေးသားတင်ဆက်ထားသော MP4 ဗီဒီယိုနှင့် မိတ်ဆက်ထားသော ဗီဒီယိုစုစုပေါင်း ငါးမိနစ်ခန့်ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များဖန်တီးထားသော သီချင်းစာသားသည် လာမည့်ရွေးကောက်ပွဲတွင် လူငယ်များအား ဆန္ဒမဲပေးရန်အတွက် တိုက်တွန်းနိုးဆော်သော စာသားများ အထင်အရှား ပါဝင်ရမည်ဖြစ်ပြီး ကိုယ်ပိုင်သံစဉ်ဖန်တီးရန် အခက်အခဲရှိပါက ပြိုင်ပွဲမှ ရွေးချယ်ထားသော နောက်ခံသံစဉ်များ အသုံးပြုပြီး ဖန်တီးနိုင်သည်ဟုလည်း သိရသည်။
ပါဝင်ယဉ်ပြိုင်မည့်သူများသည် မိမိဖန်တီးထားသည့် (၅) မိနစ်စာဗီဒီယို Link နှင့်အတူ ပြိုင်ပွဲလျှောက်လွှာဖောင်ကို First Time Youth Voters For 2020 လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ဖြည့်စွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ပြည်တွင်းရှိ အနုပညာရှင်များဖြစ်သော ဥက္ကဦးသာ၊ အားတီနှင့် မိစန္ဒီတို့မှ အကဲဖြတ်အမှတ်ပေးရာတွင် နို်င်ငံတကာ တေးသီချင်းပြိုင်ပွဲများကဲ့သို့ သီချင်းဖန်တီးမှုအတွက် (၅၀) ရာခိုင်နှုန်း တင်ဆက်မှုစွမ်းရည်အတွက် (၅၀) ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ပြိုင်ပွဲကာလကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီမှ အောက်တိုဘာ ၉ ရက် ည ၁၂ အထိ သတ်မှတ်ထားပြီး အကဲဖြတ်ဒိုင်လူကြီးများ ရွေးချယ်ထားသော စကာတင်သီချင်း ၁၀ ပုဒ်အား မိဘပြည်သူများ မဲပေးနိုင်ရန် အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်အထိ First Time Youth Voters For 2020 ဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများမှ မိမိနှစ်သက်သော ပြိုင်ပဲဝွင်၏ ဗီဒီယိုအား Link တစ်ခုပေးပါက တစ်မှတ်၊ Heart & Care ပေးလျှင် နှစ်မှတ်နှင့် အဆိုပါ ဗီဒီယိုပိုစ့်အား ပြန်လည်မျှဝေပါက ၃ မှတ်ဟူ၍ အမှတ်များသတ်မှတ်ထားကြောင်း သိရသည်။
စကာတင် ရွေးချယ်ခံရသူများသည် စနစ်တကျ အသံသွင်းတည်းဖြတ်ပေးခြင်းနှင့် သီချင်းစာသားဗီဒီယိုများ အထူးဖန်တီးပေးခြင်း စသည့် ခံစားခွင့်များရရှိမည်ဖြစ်ပြီး အနိုင်ရရှိသူများအတွက် ချီးမြှင့်မည့် အထူးဆုများကို ပြိုင်ပွဲကာလအတွင်းတွင် ကြေညာသွားမည်ဖြစ်ကာ ၎င်းတို့ထဲမှ အမှတ်အများဆုံးသုံးဦးကို အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။