ကယန်းအမျိုးသားပါတီ (KNP) သည် လူနည်းစုတိုင်းရင်းသားများဖြစ်သော ကယန်းလူမျိုးများအတွက် ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ထားသော်လည်း လူသိနည်းပါးသည့် ပါတီတစ်ခုဖြစ်သည်။
ကယန်းအမျိုးသားပါတီ (KNP) ပါတီအနေဖြင့် မူဝါဒ ၁၃ ချက်ချမှတ်ထားပြီး ရှေရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး၊ ရွေ့ပြောင်းအလုပ်သမားအရေး စသဖြင့်ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပါတီတစ်ခုဖြစ်သည်။
အဆိုပါ ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က တရားဝင်တည်ထောင်ခွင့်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ရှိ မဲဆန္ဒနယ်နှစ်ခုတွင် အနိုင်ရရှိခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါဝင်လာပြီးနောက် နိုင်ငံရေးပါတီငယ်များ တစ်မဲမှ မဲမရသည့်ဖြစ်စဉ်များတွင် ကယန်းအမျိုးသားပါတီလည်း ပါဝင်သွားခဲ့သည်။
ယင်းပါတီအနေဖြင့် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီကြီးများယှဉ်ပြိုင်နိုင်ရေး ကယားပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ကယားပြည်ဒီမိုကရက်တစ်ပါတီနှင့် မဟာမိတ်ဖွဲ့ထားပြီး ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာတွင် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာများတွင် တစ်ဦးစီ၊ ဒီမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများတွင် တစ်ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မည့်အပြင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မဲဆန္ဒနယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများတွင် တစ်ဦးစီ၊ ကယန်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တစ်ဦးနှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်နေရာတွင်တစ်ဦး စုစုပေါင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကယန်းအမျိုးသားပါတီ၏ ကိုယ်စားလှယ်လောင်းထဲတွင် အမျိုးသမီး ငါးဦးပါဝင်ပြီး ၃၀ နှစ်အောက် ကိုယ်စားလှယ်လောင်း သုံးဦးပါဝင်ကာ အသက်အကြီးဆုံးလွှတ်တော်ကိုယ်စားလှယ်က အသက် ၅၁ နှစ်ဖြစ်သည်ဟု ဆိုသည်။
ကိုယ်စားလှယ်လောင်းများ၏ အနိမ့်ဆုံးပညာအရည်အချင်းမှာ ဘွဲ့ရဖြစ်ပြီး ၎င်းကိုယ်စားလှယ်များတွင် နိုင်ငံရေးအကြောင်းကို သိရှိနားလည်၍ ထဲထဲဝင်ဝင် ပါဝင်လုပ်ရှားနေကြသူများရှိသလို နိုင်ငံရေးအပြင် အမျိုးသမီးအရေး၊ ဥပဒေ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများတွင် အတွေ့အကြုံနှင့် ဗဟုသုတရှိသူဖြစ်သည်ဟု ကယန်းအမျိုးသားပါတီဥက္ကဌ လွီးစီငြိမ်း (ခ) ခွန်းဘီထူးက ပြောသည်။
အဆိုပါပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲဆောင်းပုဒ်အဖြစ် “တန်းတူရေးမှ ဖက်ဒရယ်ဆီ” ဟူ၍ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကယန်းတိုင်းရင်းသားများသည် လူနည်းစုတစ်ခုဖြစ်သော်လည်း တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်ရန် ရည်ရွယ်၍ ယခုလို ဆောင်းပုဒ်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်။
၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ပါက ကယန်းဒေသအပါအဝင် ကရင်နီပြည်အတွင်းရှိ လူထုများ၏ စားဝတ်နေရေး ပိုမိုပြေလည်စေရန်အတွက် တောင်သူများ၏ သီးနှံဈေးကွက်၊ ကျေးလက်လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ဦးစားပေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုထားသည်။
ယခုအခါ ကယန်းအမျိုးသားပါတီအနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများအပေါ် ယုံကြည်မှုပြင်းထန်နေပြီး NLD၊ USDP အစရှိသည့် ပါတီကြီးများရှိ ကိုယ်စားလှယ်လောင်းများထက် အတွေ့အကြုံနှင့် လေ့လာမှုအပိုင်းတွင် အားသာသည်ဟုဆိုကာ ကိုယ်စားလှယ်လောင်း ၁၀ ဦးအနက် ရှစ်ဦးအထိ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်း ခွန်းဘီထူးကပြောသည်။
ထို့ပြင် ကယန်းအမျိုးသားပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင် လက်ရှိအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ အဓိကပြိုင်ဖက်အဖြစ် ခံယူထားသည်။
ကယန်းအမျိုးသားပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲတွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်း ပါဝင်မှုအပေါ် မဖြစ်သင့်ဟုယူဆထားပြီး တပ်မတော်သည် လုံခြုံရေးဆိုင်ရာကဏ္ဍတွေသာ တာဝန်ယူ၍ ကျန်သည့်အုပ်ချုပ်ရေးအပိုင်းကဏ္ဍများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် ရပ်တည်ပေးရန် တောင်းဆိုနေသည့် ပါတီတစ်ခုဖြစ်သည်။