NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒေါ်ရှားမူအား ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီမှ ပြန်လည်မရွေးချယ်သည့်အတွက် ရွေးကောက်ပွဲအား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဒေါ်ရှားမူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို ကိုယ်စားပြု၍ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြန်လည်အရွေးမခံရသည့်အတွက် ယခုအခါ တစ်သီးဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် အတည်ပြုခဲ့သည့်အတွက် မိခင်ပါတီ NLD အား ပြိုင်ဘက်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ သည် ၂၀၁၅ ရွေးကောက်ပွဲကဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ ပင်ဖြစ်သည်။
တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြို်ငရခြင်းနှင့် ပတ်သက်၍ ဒေါ်ရှားမူက "ပြည်သူ့အတွက်ဆိုပြီး အားကြိုးမာန်တက် ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပြီးသား။ သူများတွေက ကိုယ့်ကိုပယ်ထားပေမယ့် ကိုယ်လုပ်ထားတာတွေရှိတယ်။ ဒါကြောင့် အစအဆုံး ဆက်လျှောက်မယ်ပေါ့နော်။ ကိုယ်ကလည်း ပြည်သူ့အတွက်ကို မားမားမတ်မတ်ရပ်တည်ပေးတဲ့ သူဖြစ်တယ်။ ရှေ့ဆက်လျှောက်မယ်ဆိုပြီးတော့ ထပ်ဝင်ပြိုင်တာပေါ့" ဟု ပြောသည်။
၎င်းအနေဖြင့် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ တွင် NLD ပါတီမှ ဦးဦးရယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးတူရယ်၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ တိုင်းရင်းသားတစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နော်တဘိုးရာ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစံလွင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးကျော်ရယ်နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးစော်ဆာကပေါ်ရှီးတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကယားပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၃ ဦး အပါအဝင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိကြောင်း သိရသည်။