ကယားပြည်နယ်အခြေစိုက် ပါတီတစ်ခုဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) အောင်နိုင်ရေးအတွက် ကရင်နီလူငယ်အင်အားစုများက ရှားတောမြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့က ဝန်းရံမဲဆွယ်ခဲ့ကြောင်း သိရသည်။
ထိုသို့မဲဆွယ်စည်းရုံးရာတွင် ကယားလူငယ် ဦးရေ ၁၀၀ ကျော်က ဆိုင်ကယ်များဖြင့် လွိုင်ကော်မြို့မှ ရှားတောမြို့ ကျေးရွာတစ်လျှောက် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည် မဲဆွယ်ဟောပြောခဲ့ကြကြောင်း သိရသည်။
ကရင်နီလူငယ်အင်အားစုများက ရှားတောမြို့မဲဆွယ်စည်းရုံးတွင် လာရောက်ဝန်းရံကြသည့်အပေါ် KySDP ပါတီမှ ရှားတောပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သည့် မော်မိုးမြာက “ကျမတို့ကို အရမ်းဝန်းရံချင်ကြတယ်။ ကိုဗစ်ကန့်သတ်ချက်ကြောင့် လူဦးရေအများကြီး သွားလို့မရတဲ့ အခြေအနေမျိုးတွေကြောင့် ဝန်းရံချင်တဲ့လူငယ်တွေကို အရမ်းအားနာတယ်။ တောင်းလည်းတောင်းပန်ပါတယ်။ ကျမတို့က နောက်ပိုင်းကျရင် လူငယ်တွေနဲ့ အပြောင်းအလဲလုပ်ဖို့ရှိတယ်” ဟု ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူ (၅၀) ဦးထက်မပိုရဟုဆိုသည့်အတွက် မဲဆွယ်စည်းရုံးရေးသော်လည်းကောင်း၊ အစည်းအဝေးသော်လည်းကောင်း လူဦးရေလျော့ချထားပြီး တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာရန်၊ Mask တပ်ထားရန်၊ လက်သန့်ဆေးရည်သုံးပေးရန် ပြောဆိုထားပြီး ပြင်ဆင်ထားသည်ဟု ၎င်းကပြောသည်။
KySDP ပါတီကနေ ရှားတောပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် မော်မိုးမြာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ကယားဘာသာပြန်အဖြစ် ဝန်းရံခဲ့သည့် ရှားတောဒေသခံတစ်ဦးဖြစ်သည်။
ကရင်နီလူငယ်အင်အားစုတွင် ၂၀၁၅ ရွေးကောက်ပွဲက NLD ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးကာလအတွင်း ပါဝင်ကူညီပေးခဲ့ကြသူ အများစုပါဝင်နေပြီး ဝန်းရံခဲ့ကြသည့် လူငယ်များထဲတချို့သည် ယခုအခါ KySDP ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများရှိနေကြောင်း သိရသည်။
ရှားတောမြို့တွင် ကယားလူမျိုးအများစုနေထိုင်ကြပြီး ကရင်၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင် စသည့်တိုင်းရင်းသားလူမျိုးများေနထိုင်ကြပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လူဦးရေမှာ ခုနှစ်ထောင်ရှိသည့်အနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ လေးထောင်ကျော်ရှိကြောင်း သိရသည်။