ချင်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲထက် NLD မဲပိုရမည်ဟုဆို

ချင်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲထက် NLD မဲပိုရမည်ဟုဆို

လက်ရှိအစိုးရလုပ်ဆောင်မှုများကို ပြည်သူများ ပိုမိုယုံကြည်လာသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကထက် မဲပိုရမည်ဖြစ်ကြောင်း ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးဇိုဘွေ ပြောသည်။

“ရွာရှိရင် ရွာရှိတဲ့အတိုင်း ကျောင်းတွေ တိုးပေးတယ်။ ပြီးတော့ ဆေးရုံလည်းဒီတိုင်းပဲ။ လမ်းပမ်းဆက်သွယ်ရေးလည်း ဒီတိုင်းပဲ။အကုန်လုံးဆောင်ရွက်မှုအပေါ်မှာ ပြည်သူတွေကလည်း အစိုးရအပေါ် ယုံကြည်မှုအပြည့်ရှိတယ်။ ဆက်လက်ဆောင်ရွက်ပြီးမှသာ တခြားတိုင်းနဲ့ပြည်နယ်ကိုမှီဖို့ရော နောက်ပြီးတော့ ကိုယ်ပြည်နယ်တိုးတက်ရေးအတွက်ရော အစစအရာရာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊လမ်းပမ်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး အကုန်လုံးတိုးတက်လာတဲ့အတွက် ပြည်သူတွေရဲ့ဆန္ဒအရ အရင်ကထက်အခုရွေးကောက်ပွဲမှာမဲပိုရမယ်” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်ဘတ်ဂျက်အနေဖြင့် ယခုအစိုးရလက်ထက်တွင် ယခင်းဦးသိန်းစိန်အစိုးရလက်ထက်ကထက် သုံးဆခန့် ပိုမိုရရှိနေသဖြင့် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်ဟု ဆိုသည်။

“အရင်အစိုးရလက်ထက်ကထက် NLD အစိုးရလက်ထက်မှာ ဘတ်ဂျက် သုံးဆလောက်ပိုများပြီး ဘက်ဂျက်ပိုရတယ်။ ချင်းပြည်နယ်မှာ လမ်းတံတားတွေ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့တယ်။ ကားလမ်းပေါက်တဲ့ ကျေးရွာတွေမှာလည်း ကျောင်းအဆင့်မြင့်တာတွေ ဆောင်ရွက်ခိုင်းခြင်းများကြောင့် အခုကျောင်းတွေ ထောင်ချီတိုးလာတယ်၊ ဆေးရုံတွေလည်းတိုးလာတယ်” ဟု  ဦးဇိုဘွေကပြောသည်။

ချင်းပြည်နယ်တွင် မဲဆန္ဒနယ် စုစုပေါင်း ၃၉ နေရာရှိပြီး မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းသူ ၂၁၀ ဦးရှိကာ နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၇ ဦးပါဝင်ကြောင်းနှင့် အမျိုးသမီးကိုယ်စားလှယ်အနေနဲ့ ၁၈ ဦးပါဝင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်စာရင်းများအရ သိရသည်။

ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၉ နေရာဖြင့် အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) က ၃၇ နေရာဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၃၆ နေရာဖြင့် တတိယအများဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင်ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီ ၁၂ ပါတီ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ ဇိုတိုင်းရင်းသားဒေသဖွ့ံဖြိုးရေးပါတီ (ZNRDP)၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP)၊ ချင်းတိုင်းရင်းသားများပါတီ (CNP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ တိုင်းရင်းသားလူမျိုးစုများ ဖွ့ံဖြိုးရေးပါတီ (ENDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) နဲ့ ပြည်သူ့ပါတီ (PP) တို့ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်စုစုပေါင်း ၃၉ နေရာအတွက် နိုင်ငံရေးပါတီအသီးသီးမှကိုယ်စားလှယ်လောင်း ၂၀၂ ဦးယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၂၈ နေရာဖြင့် အများဆုံးအနိုင်ရခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...