တောင်ကလေး အုပ်ချုပ်ရေမှူးဟုလူသိများသည့် နန်းခင်သက်မာဝင်း ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဖားအံမြို့နယ်၊ ကော့ထော် ကျေးရွာအုပ်စု (တောင်ကလေး) တွင် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ရွေးကောက်ပွဲ ကရင်ပြည်နယ် အမှတ် ၇ (ဖားအံ -၂) တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းမတင်သွင်းမီအချိန်ထိ ရှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
သူမအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဘဝမှ နိုင်ငံရေးသမားအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ရာတွင် ရှင်းရှင်းလင်းလင်းဖြစ်ရန်အတွက် အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“ကျမတို့ကတော့ ကင်းရှင်းတယ်။ သူတို့ကတော့ (ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ) ပါတီအရောင်ပြပီးတော့မှ နိုင်ငံတော်ရဲ့ဘာဂျက်နဲ့ သွားတာတွေ၊ ပေးတာတွေ သူတို့ကို ပိုအကောင်းမြင်အောင် လုပ်ဆောင်နေကြတာတွေ့ရတယ်။ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတာ အုပ်ချုပ်ရေးအချင်းချင်းတူတာတောင်မှ သူတို့နဲ့ ကျမတို့ မတူတာတွေရှိတယ်” ဟု နန်းခင်သက်မာဝင်းက ပြောသည်။
ထိုသို့ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဖားအံမြို့နယ်၊ အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသည့် ခံဝန်ကတိကို နှစ်ကြိမ်တိုင် လက်မှတ်ထိုးပေးခဲ့ရဖူးသည်ဟု သူမကပြောသည်။
ထို့အတွက် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည့်အခါ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့ကြောင်း၊ အမည်စာရင်းတင်သွင်းရာတွင် ခရိုင်ကော်မရှင်က အုပ်ချုပ်ရေးယန္ယတရားက လူများအနေဖြင့် နုတ်မထွက်ပဲ ရွေးကောက်ပွဲဝင်နိုင်သည်ဟု ညွှန်ကြားစာရှိထားကြောင်း ရှင်းပြခဲ့သည်ဟုဆိုသည်။
ပြည်နယ်၊ အမှတ် ၇ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း နန်းခင်သက်မာဝင်းသည် တောင်ကလေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အထက်တန်းပြနှင့် ကျောင်းအုပ်တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို ဖလုံပညာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (PEDU) ဥက္ကဌ၊ အထက တောင်ကလေးကျောင်းသားဟောင်းအဖွဲ့ ဥက္ကဌတာဝန်များကိုလည်း လုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။
“ပြည်နယ်က ကိုယ်ကရင်လူမျိုးတွေမိမိရဲ့ ခေါင်းဆောင်ကို ရွေးချယ်တဲ့အခါမှာ၊ ကောင်းတဲ့သူကိုရွေးချယ်ရင် ကောင်းတဲ့ခေါင်းဆောင်ကို ရရှိမယ်လို့ ပြောချင်တယ်” ဟု သူမကပြောသည်။
တောင်ကလေးအမျိုးသမီးအုပ်ချုပ်ရေးမှူးဟောင်း နန်းခင်သက်မာဝင်းဝင်ပြိုင်မည့် ပြည်နယ်အမျိုးသားလွှတ်တော် အမှတ် ၇ တွင် သူမနှင့်အတူ ပါတီအသီးသီးမှ ကိုယ်စားလှယ်ခုနစ်ဦး ဝင်ပြိုင်သွားမည်ဖြစ်သည်။