၂၀၁၅ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မိုးမောက်မြို့နယ်ကကျေးရွာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်

၂၀၁၅ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မိုးမောက်မြို့နယ်ကကျေးရွာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်

နယ်မြေတည်ငြိမ်မှုမရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမကျင်းမနိုင်ခဲ့သည့် မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စုခြောက်အုပ်စုတွင် ယခုနှစ် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ယခင်က နယ်မြေတည်ငြိမ်မှုမရှိခဲ့သဖြင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ သိမ်လုံကျေးရွာအုပ်စု၊ အူတန်ယန်ကျေးရွာအုပ်စု၊ မံပိန်ကျေးရွာအုပ်စု၊ ပန်မူကျေးရွာအုပ်စု၊ကျရီဒဂေါ ကျေးရွာအုပ်စု၊ စိန်လုံကျေးရွာအုပ်စုများတွင် ၂၀၁၅ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော်လည်း ယင်းကျေးရွာအုပ်စုများသည် ယခုအခါ နယ်မြေတည်ငြိမ်လာပြီး အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့များနှင့် ရပ်ကျေးရွေးကောက်ပွဲကော်မတီများ ရှိနေပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက နယ်မြေမငြိမ်းချမ်းလို့ မလုပ်နိုင်ခဲ့ဘူး။ အခု ကျွန်မတို့ အုပ်ချုပ်ရေးရုံးတွေရှိတယ်။ ရပ်ကျေးကော်မတီတွေရှိတယ်ပေါ့လေ။ ဒါကြောင့် အဲလိုနေရာတွေမဲရုံပြန်ဖွင့်တာပါ" ဟု မိုးမောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်သိမ့်သိမ့်ထွန်းကပြောသည်။

ယင်းကျေးရွာတချို့တွင် ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ကြောင်းသိရပြီး ထိုသို့ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှုအားနည်းလာကာ ရွေးကောက်ပွဲများ ဆက်လက်မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ၂၀၁၀တုန်းကတော့ မဲပေးခဲ့ရတယ်။ အဲနောက်ပိုင်းကျမှ မဲပေးခွင့်မရတော့တာပါ။ မံပိန်ကျေးရွာအုပ်စုမှာ ရွာလေးရွာရှိတယ်။ ဆန္ဒရှင်စာရင်းအရ ၅၀၉ ယောက်ရှိပါတယ်။ ရွာမှာတော့ အများစုက ရှမ်းနီတွေများပါတယ်" ဟု မံပိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်ကြည်ကပြောသည်။

မိုးမောက်မြို့နယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲရုံ ၃၉ ရုံရှိခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ငါးသောင်း၀န်းကျင်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...