မွန်ပြည်နယ်ကျေးရွာတစ်ချို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာ အားနည်းလျက်ရှိပြီး ၎င်းဒေသတို့တွင် ယှဉ်ပြိုင်ကြမည့်ပါတီနှင့် ကိုယ်စားလှယ်လောင်းများကို မသိသည့်ကျေးရွာများပင်ရှိကြောင်း ဒေသခံများကပြောသည်။
“အကောင်းဆုံးလူကိုတော့ ရွေးချယ်ပေးရမှာပဲ။ ဘယ်သူတွေ ဝင်ပြိုင်မယ်ဆိုတာတော့ မသိသေးဘူး။ ကိုယ်စားလှယ်လောင်းတွေ ဘယ်သူဆိုတာတွေလည်း မသိသေးဘူး။ ပါတီတွေလည်း မသိသေးဘူး။ နားလည်းမလည်သေးဘူး။ ပင်လယ်ပဲ သွားလာနေရတာကိုး။ မဲတော့ ပေးဖို့ရှိတယ်” ဟု မွန်ပြည်နယ် သထုံမြို့နယ်ရှိ အောင်ကန်သာကျေးရွာမှ ဦးဖိုးကြည်က ပြောသည်။
၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရန်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်နိုင်သူကိုသာ ရွေးချယ်မဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီများထဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှစ်ပါတီကိုသာသိပြီး ရွေးကောက်ပွဲအတွက် မဲပေးမည်၊ မပေးမည်ကို မဆုံးဖြတ်ရသေးကြောင်း အောင်ကန်သာကျေးရွာမှ ရေလုပ်သား ဦးသိန်းဝင်းကပြောသည်။
“နှစ်ပါတီပဲ သိတယ်။ ၂၀၂၀ အလွန် အစိုးရသစ်ကိုတော့ မျှော်မှန်းတာတော့ အများကြီးပေါ့နော်။ လမ်းတွေဆိုလည်း ကျန်သေးတယ်။စာသင်ကျောင်းဆိုလဲ မပြည့်စုံသေးဘူး။ ဆေးခန်းဆိုလည်း မရှိသေးဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ အောင်ကန်သာကျေးရွာသည် သထုံမြို့ပေါ်နှင့် ၁၅ မိုင်ကျော်ကွာဝေးပြီး ရေလုပ်သားများအများစုနေထိုင်သည့် ရွာလည်းဖြစ်သည်။
အောင်ကန်သာကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် မဲပေးခွင့်ရှိသူ ၁၉၀၀ ခန့်ရှိသော်လည်း ယင်းထဲတွင် နိုင်ငံခြားတွင် အလုပ်သွားလုပ်ခြင်းနှင့် ပြည်တွင်း၌ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြသူများလည်း ပါဝင်နေသည်ဟု အောင်ကန်သာကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံဝင်းက ပြောသည်။
“အိမ်ခြေက ၂၀၀ ကျော်လာပြီ။ ရေလုပ်ငန်းလုပ်ကိုင်တဲ့သူတွေရှိသလို၊ နေ့စား လက်လုပ်လက်စားပေါ့နော် လုပ်တဲ့သူတွေလည်း ရှိပါတယ်။ မဲပေးရမယ့် အရေအတွက်က ၁၉၀၀ ကျော်တယ် ကျော်ပေမဲ့ အဝေးရောက်တာတွေ အများကြီးပဲ။ အဓိက ထိုင်းနဲ့ ရန်ကုန်ကိုတက်ပြီး အလုပ်လုပ်နေတာတွေများတယ်” ဟု ၎င်းကပြောသည်။
အဆိုပါဒေသသည် အဓိကအားဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပြီး လက်လုပ်လက်စားများကာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှုအားနည်းလျက်ရှိကြောင်းနှင့် ယခင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၎င်းဒေသတွင် NLD က အောင်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် သထုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားနိုင်ငံရေးဒီမိုကရေတစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။