၂၀၂၀ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကို စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းတွင် ထပ်မံကြေညာသွားဖွယ်ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော်က ပြောသည်။
ဒုတိယအကြိမ်ကြေညာမည့် မဲစာရင်းသည် အတည်ဖြစ်ဖြစ်ပြီး မဲပေးမည့်အချိန်အထိ သတ်မှတ်ထားသော မဲစာရင်းအမှတ်စဉ်များသည် အပြောင်းအလဲရှိမည်မဟုတ်ဘဲ ဥပမာ သေဆုံးသွားသည့် လူစာရင်းများ၊ အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ရမည့် အမည်အမှတ်စဉ များရှိပါက အကြောင်းလိုက် မျဉ်းတားပယ်ဖျက်ကာ ဘေးတွင် မှတ်ချက်ရေး မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်းနှင့် မဲစာရင်းတွင် နာမည် ထပ်တိုးမည်ဆိုပါက အရေအတွက်အတိုင်း မဲစာရင်း၏နောက်ဆုံးတွင် နံပါတ်တစ်ခုချင်း တိုးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ရည်ရွက်ချက်ကတော့ မဲပေးပိုင်ခွင့်ရှိတဲ့သူအားလုံး မဲစာရင်းထဲမှာပါဖို့ အဓိကပါ။ မဲစာရင်းလာရောက်ကြည့်ရှုကြတဲ့ မိဘပြည်သူများ အနေနဲ့ မိမိမဲစာရင်းအမှတ်စဉ်ကို သေချာစွာမှတ်ထားဖို့ လိုအပ်တယ်။ မဲလာပေးတဲ့အခါ အဓိကကျတာကတော့ မဲစာရင်းအမှတ်စဉ်ပဲဖြစ်ပါတယ်။ နာမည်တို့၊ မှတ်ပုံတင်အမှတ်တို့ဆိုတာ ရှာရတာခက်ပါတယ်။ မဲပေးတဲ့နေရာမှာ မိမိမဲစာရင်းအမှတ်စဉ် ပြောလိုက်တဲ့အခါမှသာ အချိန်ကုန်သက်သာပြီး လွယ်ကူမြန်ဆန်နိုင်မှာဖြစ်ပါတယ်” ဟု မဲပေးမည့်နေ့တွင် ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ ဦးထင်ကျော်က ပြောသည်။
ယခု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် ပုံစံ (၃) ဖြင့် တောင်းဆိုထားသူများ၊ ပုံစံ (၄) ဖြင့်ကန့်ကွက်ထားခြင်းများ၊ အကြောင်းအရာ အချက်အလက်များမပြည့်စုံ၍ ပြန်လည်ပြင်ဆင်ခြင်း၊ နိုင်ငံသားစီစစ်ရေးကတ် မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း စသည်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၏ စီမံခန့်ခွဲမှုနှင့် ရပ်ကွက်ကျေးရွာအုပ်စုအလိုက် စစ်ဆေးဆောင်ရွက်နေကြောင်း ဦးထင်ကျော်က ဆက်လက်ပြောသည်။