ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်ပေးရန် KACC တောင်းဆို

ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်ပေးရန် KACC တောင်းဆို

ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် တိုက်ပွဲများ ရပ်ဆိုင်းပေးရေး ခူမီးချင်းအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က တောင်းဆိုလိုက်သည်။

 

ချင်းပြည်နယ်တွင် မြို့နယ်ကိုးမြို့နယ်ရှိသည့်အနက် ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် စစ်ဘေးသင့်နေသည့်မြို့နယ်ဖြစ်ကာ ရွေးကောက်ပွဲအပါ် ဒေသခံများ စိတ်ဝင်စားမှုလျော့ကျလာသည့် အခြေအနေ ဖြစ်လာသည် ဟုဆိုသည်။

 

“ပလက်ဝမြို့နယ်က ချင်းပြည်နယ် ကိုးမြို့နယ်ထဲမှာ စစ်ဘေးသင့်နေတဲ့နေရာ ဖြစ်နေတယ်။ နောက်ပြီး ဒီကာလက ရောဂါကပ်ဘေးကာလလည်းဖြစ်နေတော့ နဂိုကမှ စစ်ဘေးကြောင့် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်တဲ့အနေထားမှာ စစ်ပွဲတွေကို ရပ်တန့်ပေးပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့ချိန်မှာ လူထုက စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်နိုင်ဖို့ တောင်းဆိုတာဖြစ်တယ်” ဟု KACC မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောသည်။

 

ထိုသို့ ၂၀၂၀ ရွေးကောက်ပွဲကို ပလက်ဝပြည်သူများ စိတ်ဝင်တစား ပူးပေါင်းပါဝင်နိုင်ရန် တိုက်ပွဲများ ရပ်ဆိုင်းပေးရေးနှင့် ပတ်သက်၍  ခူမီးချင်းအမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် အထွေထွေရွေးကောက်ပွဲကြီးကို ပလက်ဝမြို့နယ်အတွင်း ကောင်းမွန်စွာ ကျင်းပပြုလုပ်နိုင်ရန် အရေးကြီးဆုံးမှာ မဲဆန္ဒရှင်ပြည်သူများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးပင်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် AA အဖွဲ့ကြား တိုက်ပွဲများရပ်စဲကာ AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ၊ ဒေသခံချင်းလူငယ်များကို ဖမ်းဆီးသိမ်းသွင်းခြင်းများ မလုပ်ဆောင်ရန်နှင့် ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် လိုအပ်သည့် လုံခြုံရေးအစီမံများ ပြင်ဆင်ထားရှိရန် ဒေသခံပြည်သူများပေါ် စေတနာထား၍ ဝိုင်းဝန်းကြိုးစားပေးကြရန် တောင်းဆိုထားသည်။

 

ယခုအခါ ပလက်ဝတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးသော်လည်း ယင်းဒေသသည် AA လက်နက်ကိုင်အဖွဲ့ လှုပ်ရှားရာနယ်မြေဖြစ်သဖြင့် မြန်မာ့တပ်မတော်နှင့် ထိတွေ့မှုများဖြစ်ပေါ်လေ့ရှိပြီး တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

 

ထို့ပြင် ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တွင် မဲရုံများဖွင့်လှစ်နိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိရာ ပလက်ဝမှလွဲ၍ ကျန်မြို့နယ် ရှစ်မြို့နယ်သို့ မဲရုံပစ္စည်းများ ပေးပို့ပြီးဖြစ်ကြောင်းနှင့် ပလက်ဝသို့ မဲရုံသုံးပစ္စည်းပေးပို့နိုင်ရေး တပ်မတော် ရဟတ်ယာဉ်အသုံးပြုရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးလင်းကျော်က ပြောကြားထားသည်။

 

အဆိုပါဒေသတွင် နယ်မြေတည်ငြိမ်မှု အားနည်းသော်လည်း ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် ပလက်ဝဒေသခံများ ပူးပေါင်းပါဝင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဦးလင်းကျော်က ကတိပေးပြောကြားခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...