မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီတချို့ မဲဆွယ်စည်းရုံးရေး မစတင်နိုင်သေးကြောင်း ပြည်နယ်အခြေစိုက်ပါတီများ၏ ပြောကြားချက်အရ သိရသည်။
“ကော်မရှင်မဲဆွယ်စည်းရုံးခွင့် ထုတ်ပြန်တဲ့လမ်းညွှန်ချက်အပေါ် ကျွန်တော်တို့က ဒီနေ့မှပဲ လုပ်ငန်းစဉ်ကို ရေးဆွဲရတာဖြစ်တဲ့အတွက် တစ်ပတ်ကျော်ကျော်လောက် ကျွန်တော်တို့ အချိန်ယူရဦးမယ်၊ မဲဆွယ်ရမဲ့ရက်ထဲက ကုန်သွားတာပေါ့” ဟု မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်မှုအပေါ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုမပြုဘဲ မဲဆွယ်စည်းရုံးမှုရက်ကို ယခုလိုကပ်၍ ထုတ်ပြန်ကြေညာသဖြင့် မဲဆွယ်စည်းရုံးမှုစတင်ရန် အခက်အခဲများရှိနေကြောင်း မွန်ပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခွဲ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။
“နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ပြောတာတို့ အပြန်အလှန်ဆွေးနွေးတာတို့ မရှိတဲ့အခါကျတော့ ကြေငြာလိုက်မှပဲ ဒီအတိုင်း ဒီအတိုင်း လုပ်ပါဆိုပြီးတော့ ပြောလိုက်တဲ့အခါကျတော့ ကျွန်တော်တို့က အဲ့ကျမှ သတ်မှတ်ချက်နဲ့ညီအောင် ပြန်ညှိလိုက်ရတယ်။ အဲ့တော့ ချက်ချင်းကြီး မဲဆွယ်လုပ်ငန်းစဖို့က ကျွန်တော်တို့မှာ အခက်အခဲရှိတာပေါ့နော်” ဟု ၎င်းကဆိုသည်။
ဆက်လက်၍ ၎င်းက ပါတီတချို့ မဲဆွယ်စည်းရုံးရေးအတွက် လုပ်ငန်းစဉ်မူဘောင်များ သတ်မှတ်နေချိန် လက်ရှိအာဏာရပါတီအနေဖြင့် အစိုးရအနေဖြင့်လည်းကောင်း၊ ကိုယ်စားလှယ်အနေဖြင့်လည်းကောင်း အလွယ်တကူ မဲဆွယ်မှုပြုလုပ်နိုင်သည်ဟု ဝေဖန်ခဲ့သည်။
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို နေရာတစ်နေရာလျှင် လူ ၅၀ ထက်မပိုဘဲ ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။
လက်ရှိ မွန်ပြည်နယ်တွင် သန့်ရှင်းမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များရှိရန် လိုအပ်နေကြောင်း သိရသည်။
လက်ရှိ မွန်ပြည်နယ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၁၇ ဦးရှိဖြစ်ပွားနေပြီး တစ်ဦးသေဆုံးကာ မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်နှင့် ဖတ်တန်းရပ်ကွက်တို့ကို အသွားအလာကန့်သတ်မှု ပြုလုပ်ထားကြောင်း သိရသည်။