မဲဆွယ်စည်းရုံးရေး ယခုလ ၈ ရက်မှစ၍ လုပ်ဆောင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

မဲဆွယ်စည်းရုံးရေး ယခုလ ၈ ရက်မှစ၍ လုပ်ဆောင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စာလှယ်လောင်းများ စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ စက်တင်ဘာ ၆ ရက် (ယနေ့) ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍ တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက်လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါ ပြန်ပွားမှုမရှိစေရေးအတွက်လည်းကောင်း၊ ညွှန်ကြားချက်၊ ကျင့်ဝတ်၊ လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) နှင့် အဆိုပါညွှန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ - ၂၀၂၀ ခုနှစ် မေ ၂၆ ရက် ရက်စွဲပါ ညွှန်ကြားချက်များအပြင် နိုင်ငံရေးပါတီများ၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် (Code of Conduct for Political Parties and candidates) တို့ကို လိုက်နာရမည်ဖြစ်သည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ထုတ်ပြန်မည့် ကိုဗစ်ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure – SOP) နှင့် သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာအမိန့်များ လမ်းညွှန်ချက်များလည်း လိုက်နာရမည်ဖြစ်သည်ဟု ဆိုသည်။

၁/၂၀၁၄ အား ပြင်ဆင်သည့်ညွှန်ကြားချက်တွင် မဲဆွယ်စည်းရုံးရေးကာလအဖြစ် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ တစ်ရက်အလိုအထိ ရက်ပေါင်း ၆၀ စည်းရုံးခွင့်ရှိကြောင်းကို ၂၀၁၅ ခုနှစ် ဂျွန် ၂၅ ရက် ရက်စွဲဖြင့်လည်းကောင်း၊ စုဝေးဟောပြောခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့်တစ်ပြိုင်တည်း မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်နိုင်ကြောင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၄ ရက် ရက်စွဲဖြင့်လည်းကောင်း၊ ထိုသို့ ပြင်ဆင်ထုတ်ပြန်ထားသည့် အချက်များကို လိုက်နာရမည်ဟု ဆိုသည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ခုနှစ် မေ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအား ဘာသာရေးအဆောက်အအုံများတွင် အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို တားမြစ်ထားပြီး တည်ဆဲနိုင်ငံရေးပါတီများ၏ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လည်းလိုကြောင်း UEC ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကိုဗစ်ကာလတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေများ၊ လိုက်နာချက်များကြောင့် ကိုယ်စာလှယ်လောင်းများနှင့် ပါတီများအတွက် စိန်ခေါ်မှုများ၊ အခက်အ ခဲများစွာရှိနေသည်ဟု UEC က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ တို့နှင့် စပ်လျဉ်း၍ ကြေညာချက်မထုတ်ပြန်မီကတည်းက တိုင်းရင်းသားပါတီများက ပြောကြားထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...