လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ဒေသအချို့ ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိသဖြင့် မဲစာရင်းပြုစုထားကြောင်း ကချင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်ကပြောသည်။
“တစ်ချို့ ၂၀၁၅ တုန်းက နယ်မြေအခြေအနေကြောင့် မလုပ်နိုင်ခဲ့တဲ့နေရာလေးတွေက အခုက နယ်မြေတည် ငြိမ်အေးချမ်းလာပြီး ပြည်သူတွေပြန်လည်အခြေချနေထိုင်လာကြတဲ့အတွက် ကျနော်တို့ လူဦးရေစာရင်း ကောက်တယ်။ ကျနော်တို့ မဲစာရင်းလည်း ပြုစုထားတယ်။ အဲဒီနယ်မြေတွေက လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ အနီးစပ်ဆုံးနေရာတွေ။ ဒါပေမယ့် လက်ရှိအနေအထား လက်ရှိ အခြေအနေအရ အေးချမ်းမှုရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ထည့်ထားတာ” ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်က နယ်မြေမတည်ငြိမ်မှုကြောင့် မိုးမောက်၊ ရွှေကူချီဖွေ၊ ဆော့လော်၊ ရွှေကူ၊ ပူတာအို၊ မချမ်းဘောနှင့် လဂျန်းယာန် စသည့်မြို့နယ်များရှိ ဒေသတချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်းသိရပြီး ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပပြု လုပ်နိုင်ခြင်းမရှိသည့် နေရာ ၂၁၂ နေရာခန့်ရှိကြောင်း သိရသည်။
ယခု ၂၀၂၀ ခုနှစ်တွင် အဆိုပါ ဒေသများတွင် နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် အချို့နေရာများကို မဲစာရင်း ပြုစုလာနိုင်သည်ဟုဆိုသော်လည်း မဲစာရင်း ပြုစုနိုင်ခြင်းမရှိသည့် နေရာ ၁၉၄ နေရာ ကျန်ရှိနေသေးကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။
ကချင်ပြည်နယ်တွင် မဲစာရင်းကောက်ယူနိုင်ခြင်း မရှိသည့် ၁၉၄ နေရာသည် ပြည်ထဲရေးဝန်ကြီးဌာနမှ အုပ်စုပျက်များဟု သတ်မှတ်ထားသည့်နေရာများ၊ လက်နက်ကိုင် အဖွဲ့အစည်းရှိ သည့် နေရာများ၊ တိုက်ပွဲ များကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် နေရာများနှင့် လုံခြုံရေးကန့်သတ်ချက် ရှိသည့် နေရာများ ဖြစ်သည်ဟု ၎င်းကပြောသည်။
“တစ်ချို့ ကျေးရွာအုပ်စုတွေက ပြည်ထဲရေးဝန်ကြီးဌာနက အုပ်စုပျက်တွေကို မပယ်ဖျတ်ရသေးတဲ့ နေရာတွေပါတယ်။ ဒါတော့ ကျနော်တို့ မကောက်ဘူး။ နောက်တစ်ခါကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့ နယ်မြေတွေရှိတယ်။ ဒါတွေဆိုလည်း အုပ်စု ၆၀ ကျော် ၇၀ နီးပါးရှိတယ်။ ကျနော်တို့ ဒါတွေဆိုရင် ကျနော်တို့ သွားပြီးတော့ မကောက်နိုင်ဘူး။ နောက်တစ်ခါ ကျနော်တို့ တိုက်ပွဲတွေ ကြောင့် တိမ်းရှောင်သွားတဲ့ အုပ်စုတွေက ၂၀ လောက်ရှိတယ်။ နောက်တစ်ခါ လူတွေကတော့ နေနေပေမဲ့ လုံခြုံရေးကန့်သတ်ချက်ကြောင့် သွားလို့မရတဲ့နေရာတွေရှိတယ်။ အဲလို ကျေးရွာအုပ်စုက ၂၀ လောက်ပါနေတယ်။ အဲတော့ အဲဒီနေရာမှာတော့ ကျနော်တို့တွေက လူဦးရေစာရင်းမကောက်ဘူး” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
သို့သော် ကချင်ပြည်နယ်တွင် ကျန်ရှိသည့် ရပ်ကွက် ၁၇၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၉၂ အုပ်စု စုစုပေါင်း ၅၇၀ ကို မဲစာရင်းကောက်ယူကာ စာရင်းပြုစုထားသည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် နေရာတချို့ကို ၂၀၂၀ ခုနှစ်တွင် မဲစာရင်းကောက်ယူထားသော်လည်း အဆိုပါဒေသများသည် လက်နက်ကိုင်ပဋိပက္ခရှိသော နေရာများဖြစ်သည့်အတွက် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သောကြောင့် ရွေးကောက်ပွဲကျင်းပရန် စိတ်ချရသည့် အနေအထားတွင်မရှိကြောင်း သိရသည်။