ရခိုင်ပြည်နယ်တွင် ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိ

ရခိုင်ပြည်နယ်တွင် ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၃၈၆ ဦးရှိသည့်အနက် ပယ်ချခံရသူ ခြောက်ဦးရှိကြောင်း သိရသည်။

ထိုပယ်ချခံရသူများမှာ မူဆလင်လူမျိုးငါးဦးနှင့် ရခိုင်လူမျိုးတစ်ဦးတို့ဖြစ်ပြီး ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီမှ လေးဦး၊ တစ်သီးပုဂ္ဂလတစ်ဦးနှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ ကျောက်ဖြူမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖိုးစံတို့ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်ကအနေဖြင့် မူစလင်ငါးဦးကို ပယ်ချခဲ့ခြင်းမှာ ၎င်းတို့၏မိဘများ နိုင်ငံသားမဖြစ်သည့်အတွက် ပယ်ချခဲ့ခြင်းဖြစ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးဖိုးစံကို လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ချခြင်းမှာ ၎င်း၏သားသည် မြန်မာ့တပ်မတော်ထံတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကာ ခွင့်မဲ့ပျက်ကွက်၍ တောခိုခဲ့ခြင်းဖြစ်သည့်အတွက် ပယ်ချခဲ့ရခြင်းခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“သူ့သား ဗိုလ်မှူးအောင်မြင့်စိုးက တောခိုသွားတယ်။ အဲဒါကို ပြည်ထဲရေးကနေပြီးတော့ ပြည်ထောင်စုကော်မရှင်ကို အကြောင်းကြားပြီး ပယ်လိုက်တာ” ဟု ၎င်းကပြောသည်။

ဦးဖိုးစံ၏သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးသည် ပြန်တမ်းဝင်အမှတ် ကြည်း (၄၀၇၉၉) ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၄၇) တွင် တက်ရောက်ခဲ့သူဖြစ်ကာ၂၀၁၈ ခုနှစ်က အမှတ် (၇၃) သံချပ်ကာ တပ်မဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ် ခွင့်မဲ့ပျက်ကွက်သဖြင့် တပ်မတော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များကစုံစမ်းရာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) သို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ (ဎ) အရ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသည့် သောင်းကျန်သူအဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့ဝင်များနှင့်ဆက်သွယ်သည့် ခိုင်လုံသောအထောက်အထားရှိသူဟုဆိုသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဖြစ်ကြောင်း ဦးဖိုးစံကပြောသည်။

“ကျွန်တောက ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိဘူး။ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်နေတာ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ရှိပြီ” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် အမည်စာရင်းတင်သွင်းထားသူ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၁၀၃ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၆၆ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၂၀၈ ဦးနှင့် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ကိုယ်စားလှယ်ကိုးဦးတို့ဖြစ်ကြကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...