တကျော့ပြန် ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာခြင်းက ၂၀၂၀ ရွေးကောက်ပွဲအပေါ် ထိခိုက်လာမည်ကို စိုးရိမ်နေရကြောင်း ရခိုင်ပြည်နယ်အခြေစိုက်ပါတီများက ပြောသည်။
"ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တော်တော်များများမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု များနေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်။ မဲဆွယ်စည်းရုံးတာတွေကအစ အခက်အခဲဖြစ်နေတာပါ" ဟု ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဥက္ကဌဖြစ်သူ ဦးအေးကြိုင်ကပြောသည်။
ရခိုင်တွင် ကိုဗစ်ကူးစက်မှုနှင့်ပတ်သက်၍ ရခိုင်ပါတီဝင်များက ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။
“ကိုဗစ်နဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ ပါတီဝင်တွေက ပြည်သူတွေနဲ့အတူရောနှောပြီး ဆောင်ရွက်စေတာဖြစ်ပါတယ်" ဟု ၎င်းကသည်။
ကိုဗစ်ကူးစက်နှုန်းမြင့်မားလာခြင်းက ယခုပင် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိနေပြီး မဲဆွယ်ရေးအတွက် ခက်ခဲသည့်အခြေအနေတစ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီမှဥက္ကဌ ဦးသာထွန်းလှကပြောသည်။
"အသွားအလာတွေ ကန့်သတ်ပိတ်တာ အိမ်မှာပဲနေရတယ်။ ပြည်သူတွေကို မဲဆွယ်စည်းရုံးလုပ်ဖို့တောင် မဖြစ်နိုင်တော့ဘူး။ အခက်အခဲတွေက အများကြီးဖြစ်နေပြီ” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ ၃၁ ရက် နံနက်အထိ ကိုဗစ်ပိုးတွေ့သူဦးရေ ၃၆၁ ယောက်ရှိပြီဖြစ်ကာ သေဆုံးသူမရှိကြောင်း သိရသည်။
Published
Monday, August 31, 2020
ကိုဗစ်ကူးစက်နှုန်းမြင့်မားလာခြင်းကြောင့် ရွေးကောက်ပွဲထိခိုက်မည်ကို ရခိုင်ပါတီများစိုးရိမ်