ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည့်သူထဲတွင် အမျိုးသမီးပိုမိုများပြား

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည့်သူထဲတွင် အမျိုးသမီးပိုမိုများပြား
by -
စောထွန်းလင်း (KIC)

ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုမိုများပြားနေကြောင်း ပါတီအသီးသီးက ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းများ စာရင်းအရ သိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ပါတီခုနစ်ခုမှ ကိုယ်စားလှယ်ခုနစ်ဦး ဝင်ပြိုင်မည်ဖြစ်ရာ ၎င်းတို့ထဲတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လက်ရှိရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်စူဆဲနာလှလှစိုး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ(UNDP)မှ ဒေါ်နော်အုန်းလှ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဒေါ်နော်လင်းသိင်္ဂီထွန်း၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ (UBP) မှ ဒေါ်နန့်သင်းသင်းခိုင် တို့ဖြစ်သည်။

“ကရင်လူမျိုးတွေ အခွင့်အရေးအပြည့်အဝရဖို့၊ တန်းတူအခွင့်အရေးရဖို့ လုပ်ဆောင်ချင်လို့ အခုလိုဝင်ပြိုင်တာဖြစ်တယ်” ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း နော်အုန်းလှကပြောသည်။

ရန်ကုန်ရှိ ကရင်ပြည်သူများအနေဖြင့် မိမိတို့အတွက်ရပ်တည်ပေးမည့်သူ၊ လုပ်ကိုင်နိုင်တဲ့သူကို ရွေးချယ်မဲပေးကြရန် နော်စူဆဲနာလှလှစိုးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ကရင်ပြည်သူ့ပါတီ (KPP) ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး မန်းသန်းဝင်းဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ကရင်ဥပဒေပညာရှင်များ လူမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး စောဂျက်ကော့ထူး၊ အလားတူ ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP (နှင်းဆီပါတီ) မှ အမျိုးသားကိုယ်စားလှယ်လောင်းတစ်ဦး ဝင်ပြိုင်သွားမည်ဖြစ်ကာ ကိုယ်စားလှယ်အမည်ကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးမှ ပါတီက ထုတ်ပြန်သွားမည်ဟု နှင်းဆီပါတီကပြောသည်။

“အရင်ကထက် အမျိုးသမီးတွေ အများအပြားပါဝင်လာတာကို ဝမ်းသာတယ်။ ဒါပေမဲ့ အနိုင်အရှုံးပေါ်မှာလည်း မူတည်သေးတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ)-WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...