ရခိုင်တွင် မဲဆန္ဒရှင်စာရင်းများတွင် မွတ်ဆလင် ရာဂဏန်းခန့်သာပါဝင်

ရခိုင်တွင် မဲဆန္ဒရှင်စာရင်းများတွင် မွတ်ဆလင် ရာဂဏန်းခန့်သာပါဝင်
by -
မင်းထွန်း (DMG)

ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းများတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူမျိုး ရာဂဏန်းခန့်သာပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် မွတ်ဆလင်အများအပြားနေထိုင်သော်လည်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် မွတ်ဆလင် ရာဂဏန်းခန့်သာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်ကျေးရွာအုပ်စုမှ ဒေသခံများကပြောသည်။

“လောလောဆယ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ မောင်တောမှာရော၊ ဘူးသီးတောင်မှာရော  လူရာဂဏန်းလောက်ပဲပါတယ်။ အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေရှိသော်လည်း မဲစာရင်းမှာ ပါမလာဘူး” ညောင်ချောင်ကျေးရွာအုပ်စုမှ  ဦးအဘူလ်ကာဟေရ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရရှိခဲ့သည့် စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာမှ မွတ်ဆလင်လူမျိုး ဦးမောင်မောင်ကအခုလာမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွင် မပါလာသည့်အတွက် မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

“ကျနော်တို့ဆီကို မဲစာရင်းလာကောက်သွားတယ်။ အခုတော့ မဲစာရင်းမှာပါမလာဘူး” ဦးမောင်မောင်က ပြောသည်။

ထို့ကြောင့် မွတ်ဆလင်များ ဆန္ဒမဲပေးနိုင်ရေးသည် အစိုးရအပေါ်တွင်မူတည်ကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ဆိုသည်။

“လက်ရှိအချိန်ထိ မွတ်ဆလင်တွေ မဲပေးခွင့်မရှိဘူး။ (နိုင်) ကတ်ပြား (နိုင်ငံသားစိစစ်ရေးကတ်ပြား) ရှိတဲ့သူလောက်ပဲ မဲစာရင်းမှာပါတယ်။ မွတ်ဆလင်တွေ မဲပေးနိုင်ရေးကျတော့ အစိုးရပေါ်မူတည်တယ်” ဟု ဦးကျော်မင်းကပြောသည်။

ရခိုင်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိထားသည့် မွတ်ဆလင် နှစ်ထောင်ခန့်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိနိုင်သော်လည်း နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသည့် မွတ်ဆလင် ခြောက်သိန်းခန့်မှာ မဲပေးပိုင်ခွင့်ရှိနိုင်မည်မဟုတ်ကြောင်း ဦးကျော်မင်းက ခန့်မှန်းပြောဆိုသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က မွတ်ဆလင်များ ဆန္ဒမဲပေးနိုင်ရေးနှင့်ပတ်သတ်ပြီး “မွတ်ဆလင်တွေမဲပေးဖို့ဆိုတာက မဲစာရင်းထဲမှာပါရင် သူတို့ဟာ မွတ်ဆလင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မဲစာရင်းမှာပါဖို့ အဓိကပဲ။ မဲစာရင်းမှာက မွတ်ဆလင် ဘယ်လောက်၊ ဗုဒ္ဓဘာသာ ဘယ်လောက်၊ ခရစ်ယာန် ဘယ်လောက်ဆိုတာ မဲစာရင်းမှာမပါဘူး၊ ဘာသာကို ဖော်ပြမထားဘူး။ အဲတော့ မဲစာရင်းမှာပါဖို့လိုတယ်။ ပါရင် မဲထည့်ရမယ် ဒီလောက်ပါပဲ” ဟုပြောသည်။

လာမည့် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်းလေးသောင်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ မဲစာရင်းအရသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...