၂၀၂၀ရွေးကောက်ပွဲ ကိုဗစ်ကပ်ရောဂါသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ကရင်အမျိုး သားပါတီမှအထွေထွေအတွင်းရေးမှူးဦးမန်းကျော်ငြိမ်းက ပြောသည်။
"ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းလိုမျိုး စစ်တွေမှာဖြစ်နေတော့ မဲဆွယ်စည်းရုံးဖို့ကိုတောင် တော်တော်လေးစဉ်းစားနေရတယ့် အခြေအနေဖြစ်တယ်။ စည်းရုံးပြောဆိုခွင့်ကို လူအယောက် ၃၀ စုခွင့်ပဲရတော့ လာမယ့််လ (စက်တင်ဘာ) မှာ စည်းရုံးခွင့်ပေးရင် အခုကန့်သတ်မှုတွေ ဘယ်လိုရှိလာမလဲ မသိသေးဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးနဲ့ ဖြစ်အောင်တော့ ညွန်ကြားချက်တွေအညီမဲဆွယ်တာကို ဆောင်ရွက်သွားမယ်။ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲအတွက် ကိုဗစ်ကတော့ အဓိကစိန်ခေါ်မှုဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။
ထို့သို့ ကိုဗစ်ဗိုင်းရပ်စ်ပြသနာနှင့် ကြုံတွေ့နေရသည့်အပြင် မဲဆွယ်စည်းရုံးရေးကာလသည် မိုးတွင်းဖြစ်သည့်အတွက် သွားလာရေးခက်ခဲသည့် ပြသနာပါရှိနေသည်ဟု ဆိုသည်။
"အခုက မဲဆွယ်စည်းရုံးလုပ်တယ့်အချိန်မှာ မိုးတွင်းကာလလည်းဖြစ်နေတော့ အချို့နေရာတွေက ရေတွေဘာတွေကြီးနေတော့ သွားလာရေးခက်နေတာပေါ့ဗျာ။ အသွားအလာကန့်သတ်ခံရလို့ အခက်ခဲတွေရှိတယ်။ အခုလည်း အစည်းအဝေးလုပ်ချင်ရင်တောင် Zoom နဲ့ပဲအစည်းအဝေးလုပ်နေရတုန်းပဲဆိုတော့ အခက်အခဲတွေများတာပေါ့။ စည်းရုံးရေးက ဒီအချိန်ကြီးမှာ သိပ်မလွယ်ဘူးဖြစ်နေတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပါတီသည် ပဲခူး၊ ကယား၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် တစ်နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်ခုနစ်နေရာနှင့် တိုင်းရင်းသာလူမျိုး မဲဆန္ဒနယ်တွင်တစ်နေရာ စုစုပေါင်း ၁၀ နေရာတွင် ဝင်ယောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းပါတီအနေဖြင့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးဟူ၍ အချက်သုံးချက်ကို အဓိကဖော်ဆောင်မည့် ပါတီတစ်ခုဖြစ်ကြောင်း ဦးမန်းကျော်ငြိမ်းကပြောသည်။
“ပါတီမူဝါဒအနေနဲ့က တိုင်းရင်းသားပါတီဖြစ်တယ့်အတွက် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီရေးနဲ့ငြိမ်းချမ်းရေးဆိုတဲ့ အချက်သုံးချက်ကို အဓိက ဆောင်ရွက်သွားမှာဖြစ်တယ်" ဟု ၎င်းကပြောသည်။
ကရင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်ဇွန် ၆ ရက်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၀ ခုနှစ် သြဂုတ် (၁၆) ရက်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများပါတီ၊ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီနှင့် ကရင်အမျိုးသားပါတီတို့ မဟာမိတ်ဖွဲ့ထားသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။
Published
Tuesday, August 25, 2020
ကိုဗစ်ဗိုင်းရပ်က ရွေးကောက်ပွဲအတွက် အဓိကစိန်ခေါ်မှုဖြစ်ဟု ကရင်အမျိုးသားပါတီပြော