ရခိုင်တွင် လုံခြုံရေးအခြေအ‌နေများကြောင့် မဲစာရင်းမကပ်နိုင်သည့်ကျေးရွာပေါင်း ၅၀ ကျော်ရှိ

ရခိုင်တွင် လုံခြုံရေးအခြေအ‌နေများကြောင့် မဲစာရင်းမကပ်နိုင်သည့်ကျေးရွာပေါင်း ၅၀ ကျော်ရှိ
by -
ထွန်းခိုင် (နိရဥ္စရာ)

လုံခြုံရေးအခြေအနေများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ‌(၆) မြို့နယ်တွင် မဲစာရင်းမကပ်နိုင်သောကျေးရွာပေါင်း (၅၁) ရွာရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အဆိုပါမြို့နယ်များမှာ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှဖြစ်ကြပြီး ၎င်းမြို့နယ်များထဲမှ ကျေးရွာပေါင်း ၅၁ ရွာတွင် မဲစာရင်းမကပ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က “မဲစာရင်းမကပ်နိုင်တာက မြို့နယ်အနေနဲ့ပြောရင်တော့ မြို့နယ် ခြောက်ခုရှိတယ်။ ဒီမြို့နယ်ထဲက မဲစာရင်းမကပ်နိုင်တဲ့ နေရာတွေကို ကျေးရွာအုပ်စုအနေနဲ့ပြောရင်တော့ ကျေးရွာအုပ်စု ၂၂ အုပ်စုရှိမယ်။ အဲဒီ ၂၂ အုပ်စုမှာ ရှိတဲ့ကျေးရွာကတော့ ၅၁ ရွာရှိတယ်” ဟုပြောသည်။

မဲစာရင်းမကပ်နိုင်ခဲ့သည့် ကျေးရွာပေါင်း ၅၁ ရွာတွင် နေထိုင်သော စုစုပေါင်းလူဦးရေ သောင်းကျော်ခန့်ရှိကြောင်း သိရှိရသည်။

အဆိုပါ ၅၁ ရွာတွင် တချို့ရွာများသည် တိုက်ပွဲများကြောင့် လုံခြုံမှုမရှိ၍ ဒေသခံများအနေဖြင့်နီးစပ်ရာ စစ်ဘေးရှောင်စခန်းများသို့ တိမ်းရှောင်သွားခြင်းကြောင့် ရွာပျက်သွားခြင်းနှင့် တချို့ရွာများသည် မဲစာရင်းများကို တာဝန်ယူကပ်ပေးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ မရတော့ခြင်းကြောင့်ဖြစ်သည်ဟု ဒေါ်တင်လှိုင်က ဆက်လက်ပြောသည်။

“အဲဒီရွာတွေမှာ မဲစာရင်းမကပ်နိုင်ဘူးဆိုတာက တချို့ရွာတွေက ရွာပျက်သွားတယ်။ ရွာပျက်သွားတော့ ရွာမှာ လူတွေမရှိတော့ဘူး။ ရွာကလူတွေက တခြားတိုက်ပွဲရှောင်စခန်းတွေကို ရောက်သွားတော့ ရွာမှာလူမရှိတော့ဘူး။ တချို့ရွာတွေမှာဆိုလိုရှိရင် ကျေးရွာအုပ်ချုပ်ရေးတွေက နုတ်ထွက်သွားတာတွေရှိတယ်။ အုပ်ချုပ်ရေးမှူးတွေမရှိတော့ တာဝန်ခံပြီးတော့ ကပ်ထားပေးမယ့်သူမရှိဘူး။ အဲတော့ မဲစာရင်းကိုသွားကပ်လို့မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၆ သိန်းကျော်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...